မင်္ဂလာဒုံ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူးဦးမြင့်သူအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အောင်ဆန်းသူရိယ လှသောင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၂)ကတ်အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ(၃)ရက် နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်များ၊ ကျောင်းများသို့ ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)