နေပြည်တော် မတ် ၁၅
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြား ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိလာရသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အလယ် တန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် ကျောင်းဝင်း အတွင်း ပင်မဆောက်အဦ၏ ယာဘက်ခြမ်း ကျောင်းဆောင်နှင့် ၃ ပေခန့် အကွာရှိ ရေမြောင်းအတွင်းမှ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပင်မအဆောက်အဦ၏ အပေါ်ထပ်နှင့် အောက်ထပ် ယာဘက်ခြမ်းရှိ လေကာမှန် ၁၁ ချပ်(တန်ဖိုးငွေကျပ် ၅၅၀၀၀ ခန့်)ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။