နေပြည်တော် မတ် ၁၅
ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများမှ တာဝန်ရှိသူ များက အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ရေသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံဖြတ်ကျော် ကျက်စားနေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သည့် (Transboundary species) ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်း နိုင်ရေးတို့အတွက် ငါးမဖမ်းရရာသီများ သတ်မှတ်ထုတ်ပြန် ပေးခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သားငါးကဏ္ဍအတွက်အရေးပါသည့် မွေးမြူရေး ဆိုင်ရာသုတေသနဦးစီးဌာန အသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် သုတေသနကို အခြေခံသော ငါးလုပ်ငန်း စီမံခန့်ခွဲမှု လုပ်ငန်းများထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား သုတေသနရန်ပုံငွေထူထောင်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့အကြား ပထမဦးဆုံး အကြိမ် Public-Private-Partnership (PPP)ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
အာဆီယံ၏ ဘုံသဘောတူညီ ချက်တစ်ခုဖြစ်သော သဘာဝပတ်ဝန်းကျင် အားမထိခိုက်စေပဲ သယံဇာတ များကို ရေရှည်တည်တံ့စေမည့် အကျိုးပြု အဏ္ဏဝါစီးပွားရေး Blue Economy for the Blue Ocean ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်း သယံဇာတများ ပြန်လည်တိုးပွားလာရေး ဆောင်ရွက်ရန်နှင့် သယံဇာတများကို မထိခိုက်စေပဲ စီးပွားရေးလုပ်ငန်း များကို ဟန်ချက်ညီညီဆောင်ရွက် နိုင်စေရန် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါ သဘာဝသယံဇာတများကို ထိခိုက်မှုမရှိစေပဲ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ အကောင်းဆုံး နည်းလမ်း များနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းတင်ဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော လယ်ယာ စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ရရှိသူ(၄)ဦး၊ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစွမ်း ဆောင်ရည်ဆုများနှင့် အားကစားထူးချွန်ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြု ဆုများချီးမြှင့်ပေးအပ်ကြသည်။
ငါးလုပ်ငန်းဦးစီးဌာနကို ၁၉၇၂ ခုနှစ်၊ မတ် ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့တွင် နှစ်(၅၀)ပြည့် ရွှေရတုနေ့ကို ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၌ ရေချို မြစ်၊ ချောင်း၊ အင်း၊ အိုင် စုစုပေါင်းဧရိယာ ဟက်တာ (၈ ဒသမ ၂)သန်း ရှိပြီး (၂၈၃၂)ကီလိုမီတာ ရှည်လျားသော မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတို့ဖြင့် ရေချို၊ ရေငန် ငါးသယံဇာတကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ပြည်တွင်း စားသုံးမှုဖူလုံရေးအပြင် ပြည်ပ တင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက ရေထွက် ကုန်ပစ္စည်းများတစ်နှစ် ထက်တစ်နှစ် တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းကဏ္ဍမှ ပြည်ပ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၈၅၃)သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၇၈၆)သန်းကျော် ရရှိခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြစ်ချောင်း အင်းအိုင်များအတွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း (၂)လက်မအရွယ် ငါးသားပေါက် ကောင်ရေ သိန်းပေါင်း (၁၁၀၀)ကျော်ကို သဘာဝမြစ်ချောင်းများအတွင်း မျိုးစိုက်ထည့်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ရေပေါ်လှောင်အိမ် စနစ်ဖြင့် မြစ်၊ ချောင်း၊ ဆည်၊ ကန်နှင့် သဘာဝရေပြင်ကျယ်များတွင် ငါးမွေးမြူခြင်းကို ဒေသနေပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)