Skip to main content

၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇ဝဝဝ ကျော် တင်ပို့နိုင်ခဲ့

နေပြည်တော် မတ် ၁၄

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့၂၀၂၂ခုနှစ်အတွင်းယူနန်-ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ ကြံသယ်ယူ ပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံတန်ချိန် ၃၇၄၀၀ ကို တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိသည် မြန်မာနိုင်ငံတွင် ကြံရိတ်သိမ်းရာသီဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှု ခံနေရချိန်တွင် ကြံတင်သွင်းတင်ပို့ မှုကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တင်သွင်းနိုင်ရေး နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးပြီးနောက် လူနှင့်ကုန်စည်ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ်ယူပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်းအစီအစဉ်များကို အတည်ပြုခဲ့သည်။

ယင်းနောက် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင် ရေးယာဉ်များအတွက် “အစိမ်းရောင် လမ်းကြောင်း” ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှ ကြံများကို တရုတ်နိုင်ငံဘက်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လပထမပတ်အတွင်းမှစ၍ရက်သတ္တတစ်ပတ်ကျော်ကြာ ပိတ်ထားသော မြန်မာ-တရုတ် နယ်စပ်ဝင်ထွက်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းလျော့နယ်စပ်ဂိတ်ကို မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်ခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သီဟစည်သူ