Skip to main content

စားသောက်ကုန်များ အရည်အသွေးပြည့်မီရေးကြိုးပမ်း

မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ မြောက်မြားစွာရှိသည်။ မြောက်မြားစွာ ရှိသောလုပ်ငန်းငယ်လေးများက ပြည်တွင်းလိုအပ်ချက်၊ စားသုံးကုန်၊ လူသုံးကုန်လိုအပ်ချက်များကို တစ်တပ်တစ်အား ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ကြောင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအား နိုင်ငံတော်က အားပေးမြှင့်တင်ထောက်ပံ့ကူညီပေးလျက်ရှိသည်။

သို့သော် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်ရာ၌ တရားဝင် ဖြစ်တည်မှုနှင့် အရည်အသွေး သတ်မှတ်ချက်ပြည့်မီမှုအတွက် ပူးပေါင်းလက်တွဲ စစ်ဆေးမှုခံယူရန် အားနည်းလျက်ရှိသည်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆီစက်လုပ်ငန်းများ တစ်ရာကျော် ရှိသော်လည်း အရည်အသွေးစစ်ဆေးရေး FDA ထောက်ခံချက်ရယူထားသောလုပ်ငန်းအနည်းငယ်သာရှိသည်။ ထိုသို့ နည်းနေသည်မှာ မိမိတို့၏အရည်အသွေးမပြည့်မီမှုကို မထုတ်ဖော်လို၍လည်းကောင်း၊  အစစ်အဆေး ခံယူရာတွင် အခက်အခဲများရှိနေ၍လည်းကောင်း၊ အသိပညာဗဟုသုတနည်းနေ၍ လည်းကောင်း အကြောင်းတစ်ခုခုရှိနိုင်ပေသည်။

အမှန်တကယ်တွင် မိမိတို့စီးပွားရေးအတွက် သတ်မှတ်ထားသောလုပ်ငန်း စဉ်များကို မဖြစ်မနေ လုပ်ကိုင်ရမည်သာဖြစ်သည်။ အရည်အသွေး စစ်ဆေးမှုကို ခံယူခြင်းဖြင့် စားသုံးသူပြည်သူများအတွက် အကျိုးကျေးဇူးရှိသလို မိမိတို့လုပ်ငန်း အတွက်လည်း ပြန်လည်အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။ ထုတ်ကုန်ပစ္စည်းများ၌ သတ်မှတ်ထားသော ကုန်ထုတ်လုပ်မှုစံချိန်စံညွှန်းများနှင့် ခွင့်ပြုချက်များ ဖော်ပြထားပြီး ကုန်ပစ္စည်းများတွင် အချက်အလက်များပြည့်စုံစွာပါရှိမှ တရားဝင်  အတည်ဖြစ်ပေသည်။

အဓိကမှာ စားသုံးသူပြည်သူများမှာ ဦးစွာပိုမိုအရေးပါသည့်သူများဖြစ်ပြီး ပြည်သူများအနေဖြင့် စားသုံးသူနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများကို သိရှိထားရန်လိုအပ်သလို ထိုသို့သိရှိမှတ်သား လိုက်နာဆောင်ရွက်တတ်သည့် အလေ့အထများလည်း ရှိရန်လိုပါသည်။ မြန်မာနိုင်ငံတွင် ပြီးပြီး လွယ်လွယ်လုပ်၊ ပြီးပြီးလွယ်လွယ်အသုံးပြုတတ်သည့် အလေ့အထများမှာ အစဉ်အလာကဲ့သို့ပင် ဖြစ်နေပေသည်။ လူတိုင်းလူတိုင်းသည် စနစ်တကျပြုလုပ်၊ စနစ်တကျကိုင်တွယ် အသုံးပြုသည့် အလေ့အထကောင်းများ မွေးမြူကြရန်လိုအပ်ပေသည်။

အထူးသဖြင့် အများပြည်သူ စားသုံးသူနှင့်ပတ်သက်သည့် အခွင့်အရေးများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသိပညာဗဟုသုတများပေးဝေနိုင်ရန် လိုအပ်နေသည်။  အလေ့အထများပေးဝေနိုင်လျှင်ပင် ပြည်သူများကြားတွင် အလေ့အထကောင်းများ စွဲမြဲသွားစေရန် စဉ်ဆက်မပြတ်အသိပေး နေရဦးမည်ဖြစ်သည်။ စားသုံးသူ ကာကွယ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန်လိုအပ်ပြီး စားသုံးသူများမှ မိမိတို့၏အခွင့်အရေးများကို ပိုမိုသိရှိကာ ချက်ချင်းတုံ့ပြန်တတ်သည့် အလေ့အထ ရှိလာလျှင် လုပ်ငန်းရှင်များဘက်ကလည်း ၎င်းတို့ ၏ထုတ်ကုန်များကို ပိုမိုဘေးကင်းလုံခြုံစိတ်ချစွာ လုပ်ကိုင်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန်များနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်း၏ အခြေခံအ ကြောင်းအချက်မှာ ပြည်သူအများစုဆင်းရဲ နွမ်းပါးမှုနှင့် အကြောင်းဆိုင်သည်။ ပြည်သူအများစုမှာ အလုပ်အကိုင်နှင့်ဝင်ငွေရမှုနှင့် ငွေကြေး တန်ဖိုးကို အမီမလိုက်နိုင်သဖြင့် ရသည့်ဝင်ငွေနှင့်ကာမိစေရန် ဈေးပေါရာ၊ သက်သာရာတို့ကို ဝယ်ယူအသုံးပြုရာ စားသောက်ကုန်လိုအပ်ချက်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အစားအသောက်ကြောင့် စားသုံးသူများအန္တရာယ်မဖြစ်စေရန်အတွက် လိုက်နာရမည့် အလေ့အထများကို စိုက်ပျိုးချိန်မှစ၍ ထုတ်လုပ်ချိန်၊ ထုပ်ပိုးချိန်၊ ဖြန့်ချိချိန်နှင့် လက်ဝယ်အရောက် ပြင်ဆင်စားသောက်ချိန်အထိ လိုက်နာရေးမှာ အများပြည်သူကျန်းမာရေးအတွက်သာမက အာဟာရ ဖူလုံရေး၊ တစ်ဦးချင်းစီးပွားရေး၊ နိုင်ငံစီးပွားရေး၊ ပြည်ပတင်ပို့မှုမှသည် ထိုနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် စိန်ခေါ်နေသောအချက်ဖြစ်သည်။

ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန်ပစ္စည်းများ အရည်အသွေး မမီမှု၊ မစစ်မှန်မှုများရှိလျှင် နစ်နာမည်မှာ စားသုံးသူများပင်ဖြစ်ပေ မည်။ မြန်မာနိုင်ငံတွင် ရှေးရိုးစွဲနေသောအယူအဆများ၊ ခေါက်ရိုး ကျိုးနေသောအလေ့အထများကြောင့် စားသုံးသူအရည်အသွေးမြင့်မားရေးနှင့် စားသုံးသူများ ဘေးကင်း လုံခြုံရေး လုပ်ငန်းများတွင် စနစ်တကျပြုလုပ်နိုင်ရန် စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။ စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရန်အတွက် ပြည်သူများကြားတွင် စားသုံးသူရေးရာ ဆိုင်ရာအလေ့အထများကို ပိုမိုကျယ်ပြန့်စွာ ဝိုင်းဝန်းပြုလုပ်ပေးရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သင့်တင့်မျှတသည့် စားသောက်နေထိုင်မှုဘဝများကို ဖန်တီးတတ်စေရန် ပြုလုပ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည့် မဖွံ့ဖြိုးသေးသည့်ဖွံ့ဖြိုးစနိုင်ငံဖြစ်ရာ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာပြီး ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်မျှတစွာ ဖြင့် နေထိုင်စားသောက်တတ်ရေးအတွက် အရည်အသွေးပြည့်မီပြီး ပြည်သူများနှင့် ဆီလျော်ညီညွတ်မှု ရှိသည့် စားသောက်နေထိုင်မှုပုံစံသစ်များရရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။

ကြေးမုံအယ်ဒီတာ့အာဘော်