နေပြည်တော် မတ် ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ငွေကြေးနှင့်ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုးအား နှစ်စဉ်ချီးမြှင့် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ငွေသားကျပ် သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများ ရေရှည်အဆင်ပြေစေရန် အတွက် ပေးအပ်သည့် ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တွင် ၂၀၂၁ ခုနှစ်၊ မတ် ၁၉ ရက်၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် လက်ခံစစ်ဆေးခဲ့သည်။
ယင်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ် ၁၄ ရက်တွင် ပြည်ထောင်စု ဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)