နေပြည်တော် မတ် ၁၃
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များကို နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြား ပြသပေးလျက်ရှိသည့် ဆရာ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို တွေ့ရှိလာရသည်။
ထိုကဲ့သို့ ဆရာ ဆရာမများကို အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် မတ် ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းရွာကျေးရွာ၌ အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်သတ်ဖြတ်ခံရ၍ အလယ်တန်းပြဆရာမ တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ မင်းရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲဝင်းအတွင်း နေထိုင်သည့် အလယ်တန်းပြဆရာမ ဒေါ်ညိုညိုဇော် (၄၂)နှစ် (ဘ) ဦးကျော်ရင်သည် ၎င်း၏ နေအိမ်လိုင်းခန်းအတွင်းရှိ နေစဉ်အကြမ်းဖက်သူ အမျိုးသားလေးဦးကဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “CDM မလုပ်ဘူးလား”ဟု ခြိမ်းခြောက်၍ “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း၊ ဒေါ်ညိုညိုဇော်မှာ ကျည်ထိမှန်ဒဏ်ရာ၊ ဓား ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာများမှ 9mm ကျည်ခွံနှစ်ခုနှင့် ကျည်ထိပ်ဖူးတစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ ဆရာမများအား လုပ်ကြံပစ်ခတ် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်