Skip to main content

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) မကြာမီဖွင့်လှစ်မည်

 

ရန်ကုန် မတ် ၁၃

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်-မုန်း ကားလမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၀)က တာဝန် ယူတည်ဆောက်ခဲ့သော စစ်တောင်း မြစ်ကူးတံတား(အုတ်ဖြတ်)မှာ ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ အသုံးပြုနိုင်ရန် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။

အဆိုပါ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)၏ တံတားကိုယ်ထည်မှာ သံကူကွန်ကရစ် ဖြစ်သည်။ တံတား အရှည်ပေ ၆၂၀၊ တံတားအကျယ် ၂၉ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၂ ဒသမ ၄၄ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၂၄ ဒသမ ၉၉ မီတာရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ကြောင်း သိရသည်။

တံတားမတည်ဆောက်မီက ကျောက်ကြီးမြို့နယ်မှ ဖြူးမြို့နယ် သို့သွားလာရာတွင် မိုးတွင်းကာလအတွင်း နှစ်စီးတွဲလှေဖြင့် စစ်တောင်းမြစ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာခဲ့ရပြီး နွေရာသီရေကျချိန်မှာ ပွန်းတွန်းဘေလီတံတားဖြင့်သာ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်သည်။

ယခုတည်ဆောက်လိုက်သော ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်မှ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)ကို ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝအတားအဆီးတစ်ခုဖြစ်သည့် စစ်တောင်းမြစ်ကို ဖြတ်သန်း တည်ဆောက်ခဲ့သည့်အတွက် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ဒေသတွင်းမှီတင်းနေထိုင်လျက်ရှိကြသည့် ဒေသခံပြည်သူများအားလုံး သွေးချင်းညီနောင်များသဖွယ် အလွယ်တကူ ကူးလူးဆက်ဆံနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်