တောင်ငူ မတ် ၁၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မတ်၁၂ ရက် မွန်းလွဲပိုင်းက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တောင်ငူခရိုင် ဒေသဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ခရိုင်စည်ပင်သာယာရေး အဖွဲ့က ရန်ကုန်-မန္တလေး လမ်းဘေး ရေမြောင်းတူးဖော်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့ ကေတုမတီ မြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှု၊ ရန်ကုန် မန္တလေးလမ်းဘေးဝဲယာ ရေနုတ်မြောင်း ပြန်လည် တူးဖော်နိုင်ရေးနှင့် မင်းကြီးညိုရုပ်တုပန်းခြံ ပြန်လည်မွမ်းမံနိုင်ရေးတို့ကို ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခပေါင်းခန်းမနှင့် တောင်ငူမိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသို့သွားရောက်ကာ ရုံးမြေနေရာ လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး သင်တန်းဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ် ဖိုးညိုကျေးရွာရှိ တောင်သူ ၁၇ ဦး ပိုင်လယ်မြေ ဧရိယာဧက ၁၀၀ ကို စနစ်တကျ လယ်ယာဖော်ထုတ်၍ နွေစပါး စိုက်ပျိုးပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ တောင်သူ ၁၇ ဦးအတွက် ဓာတ်မြေဩဇာ ၃၄ အိတ် ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးမည့် စီမံချက်ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စု မဝါကျေးရွာ စစ်တောင်မြစ်ကမ်း တစ်လျှောက် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာသီးသန့် ၁၀၄ ဧက အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်