Skip to main content

ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၁၃၈၀၃ ဧကရှိသော နယ်မြေကို “ကိုးကွေ့တောင်ကြိုးပြင်ကာကွယ်တော” သတ်မှတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၃၈၀၃ ဧကရှိသော နယ်မြေကို“ကိုးကွေ့တောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၅၄/၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ (၁၁ ရက်) မှ စ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ကိုးကွေ့တောင် ကြိုးပြင်ကာကွယ်တာသည် ရေ၊ မြေထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတု ညီညွတ်မျှတစေခြင်း၊ မြေဆီမြေသားကောင်းမွန်ခြင်းနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း စသည့် လိုအပ်ချက်များကို သဘာဝသစ်တောများမှသာ အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ် တောအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

ကိုးကွေ့ တောင်ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ဆင်တုံး မနွယ်၊ တောရှောက်၊ တပင်တိုင်မြနန်း၊ တောင်ပန်းပင်၊ ကြောပေါင်းတထောင်၊ တောချင်းနက်၊ တောနနွင်း စသည့် ဆေးဖက်ဝင်အပင်များ ပေါများစွာပေါက်ရောက်ခြင်း၊ ကျားသစ်၊ တောဝက်၊ ဆတ်၊ ဂျီ၊ ဒေါင်း၊ တောကြက်၊ တောကြောင်၊ တောင်ဆိတ် စသည့်တိရစ္ဆာန်များ၏ ကျက်စားရာ နေရာဒေသဖြစ်ခြင်း၊ တားမြစ်ရာပါသစ်များဖြစ်သည့် ထင်းရှူး၊ အင်ကြင်း၊ ပျဉ်းကတိုး အပါအဝင် ပရုတ်၊ လောက်ယား၊ စွယ်တော်၊ သစ်ချ၊ သစ်အယ် စသည့် သစ်မျိုးများ ပေါက်ရောက်တွေ့ရှိ ရခြင်းနှင့် သံလွင်မြစ်၏ ရေဝေရေလဲဧရိယာဖြစ်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန