Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္တအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန် မတ် ၁၃

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

သဘာပတိအဖြစ် ဆောင်ရွက်တော်မူ

အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက် တော်မူသည်။

ထို့နောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များအရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး ၈၇ ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာပြီး ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသည်။

နိုင်ငံတော်ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ်

ယင်းနောက် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များအား နိုင်ငံတော်ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ်တော်မူသည်။

လက်မှတ်ရေးထိုးတော်မူ ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်း စာအုပ်၌ ဩဝါဒါစရိယဆရာတော် ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊ ဂိုဏ်း အသီးသီးနှင့်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ်တစ်ပါးစီတို့က လက်မှတ်ရေးထိုးတော်မူကြသည်။

ယင်းနောက် သဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ၏ နိဂုံးချုပ် ဥယျာဇနကထာကို နာယူတော်မူကြပြီး အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသည့် ဆရာတော်အားလုံးက “ဇယန္တာ ဗောဓိယာမူလေ” အစချီ (၂)ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

တစ်နေ့တာ ဆွမ်းဆက်ကပ် ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများကို အလှူရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစု၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း) ဇနီး ဒေါ်မြမြစန်းမိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ-ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း) ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီး စိုးဝင်း-ငြိမ်း) ဇနီး ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး-(ငြိမ်း) ဇနီး(ဒေါ်ကြည်ကြည် အုန်း)မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ (ငြိမ်း) ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း-(ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး-(ငြိမ်း) ဇနီးဒေါ်ခင်နှင်းဝေ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို-(ငြိမ်း) ဇနီးဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်-(ငြိမ်း) ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့က တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

သတင်းစဉ်