နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူ့ အပေါ်ဝန်ဆောင်မှုပေးနေသော သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးပေးချေခြင်းလုပ်ငန်းများအား မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်က ပေးလျော်ရန်တာဝန်ရှိရာ ထိုပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပခုံးပြောင်းတာဝန် ယူပေးချေခြင်း ဖြစ်ပါသဖြင့် စက်တပ်ယာဉ်ကြောင့် မတော်တဆ ထိခိုက်မိလျှင် နစ်နာကြေးကို အကျိုးခံစားခွင့်ရှိသူက မြန်မာ့အာမခံလုပ်ငန်းတွင် တောင်းခံနိုင်ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပွားသည့် ဦးရေနှင့် မြန်မာ့အာမခံလုပ်ငန်းမှာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများကြောင့် နစ်နာကြေးတောင်းခံသည့် ဦးရေတို့ကို နှိုင်းယှဉ်ကြည့်ရာတွင် နစ်နာကြေးတောင်းခံသူ ဦးရေမှာ နည်းပါးနေသေးကြောင်း တွေ့ရှိရပါသည်။
မြန်မာ့အာမခံလုပ်ငန်းတွင် နစ်နာကြေး တောင်းခံလိုသူအနေဖြင့် တောင်းခံရမည့်ပုံစံများကို မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)နှင့် ရုံးခွဲ (၃၉) ရုံးတွင် အခမဲ့ရယူနိုင်ပြီး မြန်မာ့အာမခံလုပ်ငန်း၏ Website (www.mminsurance.gov.mm) တို့တွင် download လုပ်၍လည်း ရယူနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးလျှင် သေဆုံးသည့်နေ့မှ ၁၂ လအတွင်း၊ ဒဏ်ရာ ရလျှင် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လအတွင်း၊ ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွား သည့်နေ့မှ ၁၂ လ အတွင်း တောင်းခံနိုင်ပါသည်။
သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနက အသိအမှတ် ပြုထားသည့်ဆေးရုံ၏အစီရင်ခံစာနှင့်စက်တပ်ယာဉ် ထိခိုက်မှုဖြစ်ကြောင်း ရဲစခန်း၏ အစီရင်ခံစာများနှင့်အတူ အထောက်အထားအပြည့်အစုံဖြင့် မြန်မာ့အာမခံလုပ်ငန်းသို့ ဆက်သွယ် တောင်းခံလာပါက သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများကို နေ့ချင်းပြီးဆောင်ရွက်လျက် ရှိပါသည်။
စက်တပ်ယာဉ်ကြောင့် မတော်တဆထိခိုက်မိလျှင် နစ်နာကြေးကို အကျိုးခံစားခွင့်ရှိသူက တောင်းခံနိုင်ကြောင်း မသိရှိသေးသောကြောင့် နစ်နာကြေးတောင်းခံသည့် ဦးရေသည်အတိုင်း အတာတစ်ခုအထိ နည်းနေသေးသည့်အတွက် ပြည်သူများအနေဖြင့် သိရှိလာပြီး နစ်နာကြေး တောင်းခံလာပါက နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားသည့် ဦးရေအတိုင်း နစ်နာကြေးတောင်းခံသည့်ဦးရေ ပိုမိုများပြားလာစေရန် ရည်ရွယ်ချက်ဖြင့် တင်ပြလိုက်ရပါသည်။ ။
ဒေါက်တာစန္ဒာဦး