နေပြည်တော် မတ် ၁၂
လာမည့်စိုက်ပျိုးရာသီမှစတင်၍ မကွေးတိုင်းဒေသကြီးအတွင်း အထူးဇုန်များ၊ သီးထပ်သီးညှပ် ဧရိယာများ ပိုင်းခြားသတ်မှတ်ပြီး မိုးနေကြာ ဧကတစ်သိန်းကျော်၊ ဆောင်းနေကြာ ဧကသုံးသိန်းခန့်ဖြင့် စုစုပေါင်း နေကြာဧကလေးသိန်းကျော် တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများ၊ တောင်သူများ၊ လုပ်ငန်းရှင်များက ကျရာအခန်းကဏ္ဍများမှ ပူးပေါင်းကြိုးပမ်း ကြစေလိုကြောင်း ယနေ့နံနက်ပိုင်း က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သီးနှံပုံစံ စံပြကွက်အား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် သီးနှံပုံစံ စံပြကွက်တွင် မိုးစပါး၊ ဆောင်းကုလားပဲနှင့် နေကြာ သီးညှပ် စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ သွင်းအားစုများ စနစ်တကျအသုံးပြုရေး၊ ဝင်ငွေတိုးတက်ရရှိရေးနှင့် တောင်သူများ၏ လူနေမှုအဆင့် အတန်းမြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ တောင်သူများ၏ဝင်ငွေ တွက်ခြေကိုက်မည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ သွင်းအားစု အရင်းအနှီးရရှိရေးနှင့် နည်းပညာပြန့်ပွားရေး ဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအနီးရဲနွယ်ရေလှောင်တမံသို့ ရောက်ရှိကြပြီး တမံကြံ့ခိုင်ရေးအတွက် ကျောက်ကြီး ထပ်ပိုးလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ ရေကြီးမှုကာကွယ်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ဒေသအတွက် စိုက်ပျိုးရေးနှင့် သောက်သုံးရေ ပေးဝေနေမှုလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီး က ဆည်တမံ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် လေ့လာစစ်ဆေးမှုများ ဆောင်ရွက်ရန်လိုအပ် ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး မြေသားတမံအမျိုးအစားဖြစ်သည့် ရဲနွယ်ရေလှောင်တမံမှာ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၉၃၁၈၀၀ ရှိပြီး တမံကြံ့ခိုင်ရေးအတွက် ကျွမ်းကျင်သူများ၏ အကြံပြု ဒီဇိုင်းပုံစံများအတိုင်း ကျောက်ကြီးထပ်ပိုးခြင်း၊ မြေသား အားဖြည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်