နေပြည်တော် မတ် ၁၂
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုကို မတ် ၈ ရက် နံနက် ၉ နာရီတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ် ရေးအဖွဲ့ ရုံးဟောင်း (စုပေါင်းရုံး) ၌ စတင်ဆောင်ရွက်သည်။
အခမ်းအနားတွင် အဖွဲ့ဝင် ဦးစိုးဦး က မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရခြင်း အကြောင်းရင်းကို ရှင်းလင်းမှာကြားပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ သာယာဝတီမြို့ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေးများကို စာရင်းပြုစု ရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုပြည့်ဝန်း က လူဦးရေစာရင်း ရေးသွင်းပုံ နည်းလမ်းများကို Power Point ဖြင့် စနစ်တကျ ရှင်းလင်းပြသ သည်။ အခမ်းအနားသို့ သာယာဝတီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလူ၊ သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးထွန်း၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီး အရာရှိတို့ တက်ရောက်ကြပြီး ရပ်ကွက်/ကျေးရွာ ၆၉ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြသည်။
မတ် ၁၂ ရက်တွင် ပြည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေနော် ဦးဆောင်သော မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိများ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီးမှ ဒုတိယဦးစီးမှူးများသည် သာယာဝတီမြို့နယ် သို့ လာရောက်၍ အခြေခံလူဦးရေစာရင်း ပြုစုခြင်းကို လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်