နေပြည်တော် မတ် ၁၂
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်