Skip to main content

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca တစ်သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး ငါးသိန်း Doses နှင့် ဆေးထိုးအပ် ငါးသိန်း ရောက်ရှိ

ရန်ကုန် မတ် ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့်  လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် တစ်သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး ငါးသိန်း Doses နှင့် ဆေးထိုးအပ် ငါးသိန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အချိန်ပြည့် အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးမှ Charge d'affaires, Mrs. Kanokwan Pengsuwan, Minister Counsellor- Ms. Chana Sindhvananda၊ First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးလျက်ရှိသည့် ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေးမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကအရေးကြီးသည့် ဦးတည်အုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးကို ဦးတည်ချက်ထား၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် မတ် ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း ၂၄ ဒသမ သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၄သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ဒသမ သန်း ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ မတ် ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၇ ဒသမ ၀၁ သန်း ထိုးနှံပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနှင့် သေဆုံးရမှုကို  သိသာစွာ လျှော့ချနိုင်သည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ရည်မှန်းဦးတည်အုပ်စုများ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်  မပျက်မကွက် ထိုးနှံမှုခံယူထားခြင်းပင် ဖြစ်သည်။

ကာကွယ်ဆေးမထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ဦးတည်အုပ်စုအားလုံး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ  ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်