Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း နေကြာ၊ ဝါနှင့် အခြားစိုက်ပျိုးသီးနှံများ တိုးတက်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး မတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း နေကြာ၊ ဝါနှင့် အခြားစိုက်ပျိုးသီးနှံများ တိုးတက်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဦးစီးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးရုံးများနှင့် စိုက်ပျိုးရေးခြံ စုစုပေါင်း ၃၁ ခုမှ အရာထမ်း၊ အမှုထမ်း ၃၁၉ ဦးက Zoom Meeting ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သော မြေများ၊ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်သော နေကြာ၊ ဝါစိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးမြေရရှိနိုင်မှု၊ မျိုးရရှိနိုင်မှု၊ ဓာတ်မြေဩဇာရရှိမှုများ၊ ရေရရှိမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကိန်းဂဏန်းများ မှန်ကန်ရေး၊ နေကြာ၊ ဝါမျိုးစေ့ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးရေ ပေးဝေမှုစနစ်တကျရှိရေး၊ ဓာတ်မြေဩဇာများ တောင်သူများထံ အမြန်ရောက်ရှိရေးတို့ကို ဖြည့်စွက်ဆွေးနွေးသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စံပြကွက်များဖြင့် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ ကွင်းဆင်းစစ်ဆေးရန် လိုအပ်ကြောင်း၊ ပြည်တွင်း၌ စားဆီသုံးစွဲမှု တိုးတက်လာပြီး စိုက်ပျိုးရေးနိုင်ငံတော်ဖြစ်သော်လည်း ပြည်ပမှ စားအုန်းဆီ ဝယ်ယူတင်သွင်းရမှုကြောင့် နိုင်ငံခြားငွေများ သုံးစွဲနေရကြောင်း၊ နိုင်ငံအတွင်း စားအုန်းဆီအပြင် နေကြာ၊ ဝါ စသည်တို့ကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှုနှင့် စီးပွားရေးအမြင်ရှိရန်လိုကြောင်း၊ စီးပွားရေးတွက်ခြေမကိုက်ပါက မည်သည့်လုပ်ငန်းမှ မအောင်မြင်နိုင်ကြောင်း၊ နှစ်စဉ်တောင်သူလယ်သမား၊ ကျေးလက်နေပြည်သူများကို အသိပညာပေးရုံမကဘဲ အလုပ်နှင့်လက်တွေ့ ပြသရမည်ဖြစ်ကြောင်း၊ စံပြကွင်းများလုပ်ပြီး ကျေးရွာဒေသများကို မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ရန် လမ်းညွှန်မှုပေး၍ လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြတ်ရှိလာလျှင် အမြဲတိုက်တွန်းနေစရာမလိုဘဲ တစိုက်မတ်မတ် လုပ်သွားမှာဖြစ်ကြောင်း၊ ဌာနအနေဖြင့် ဘဏ္ဍာငွေကြေးသုံးစွဲရာတွင် မိမိငွေကဲ့သို့ စနစ်တကျ သုံးစွဲရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကို တစိုက်မတ်မတ် ဆောင်ရွက်ပြီး ပြည်သူ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအတိုင်း ညီညွတ်စွာဖြင့် လုပ်ကိုင်ရန်လိုကြောင်း၊ လူသားများအတွက် အကျိုးပြုသော လုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ရန်လိုကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတတ်ထားသည့်ပညာနှင့် အတွေ့အကြုံရှိသူများ၊ နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

၎င်းနောက် ခရိုင်၊ မြို့နယ်ဦးစီးမှူးများက စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုများ၊ ရေရရှိမည့် နည်းလမ်းများ၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းနှင့်ပတ်သက်၍ လျှပ်စစ်မီးအခက်အခဲများကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်