နေပြည်တော် မတ် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ယင်းနောက် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ရောက်ရှိကာ နိုင်ငံတော်ခွင့်ပြုငွေဖြင့် တည်ဆောက်ပြီး ဖွင့်လှစ်ဝန်ဆောင်မှုပေးရန် ပြင်ဆင်ဆောင်ရွက်နေသည့် လူထုအခြေပြုဗဟိုဌာနကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် နတ်မောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားပြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ အောင်လံမြို့နယ်ရုံးသို့ရောက်ရှိပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံတို့နှင့် တွေ့ဆုံသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အတွေးအခေါ် အယူအဆ မှန်မှန်ကန်ကန်ဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရေး၊ အဓိက တာဝန်များဖြစ်သည့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်တို့ကို စေတနာပါပါဖြင့် အောင်မြင်အောင် ဆောင်ရွက်ရေး၊ လူငယ်များ အသိပညာတိုးတက်ရေးနှင့် ဗလငါးတန် ပြည့်ဝရေးကို သက်ဆိုင်ရာဌာနများ၊ မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နွေရာသီရောက်ပြီဖြစ်၍ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်တို့ကို မှာကြားခဲ့သည်။
သတင်းစဉ်