Skip to main content

ရန်ကုန်တက္ကသိုလ်အတွက် သင်ကြားရေးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ခွင့်ပြုရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်

ရန်ကုန် မတ် ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်အတွက် သင်ကြားရေးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ခွင့်ပြုရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ အောင်မြင်စေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ အင်တာနက်ဝိုင်ဖိုင် ပြည့်စုံရန်နှင့် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် ရန်ပုံငွေများ၊ ခရီးစရိတ်များကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးပိုင်းတွင် သာမက သုတေသနလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက်ပါ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း အမှန်တကယ် တတ်မြောက်သော ပညာတတ်များဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက ရန်ကုန်တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ ဆရာမများ၏ အရည်အသွေး တိုးတက်စေရေးအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေးနှင့် ဝန်ထမ်းများ၏ ရာထူးတိုးကိစ္စရပ်များ၊ သက်ဆိုင်ရာ ပညာတော်သင်များ သွားရောက်ရာတွင် လိုက်နာရန် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျိုက္ခနာသို့ရောက်ရှိကြပြီး ကျောင်းစင်္ကြလမ်းများ ပြုပြင်ခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေသန့်စက်များ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် လေ့ကျင့်ရေး အထက်တန်းကျောင်းသို့ရောက်ရှိပြီး ပညာရေတက္ကသိုလ်ဝင်းအတွင်း စာသင်ဆောင်နှင့် အားကစားရုံ ဆောက်လုပ်ခြင်း၊ စာသင်ဆောင်များ ဆေးပြန်လည် မွမ်းမံခြင်း၊ လေ့ကျင့်ရေး အထက်တန်းကျောင်း၏ ကျောင်းဆောင် ဆေးပြန်လည် မွမ်းမံခြင်း၊ ခြံစည်းရိုးများ ပြန်လည်ပြုပြင်ဆေးသုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်