နေပြည်တော် မတ် ၁၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
အွန်လိုင်းမှ တက်ရောက်
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ဟိုတယ်ဇုန်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း အမှုထမ်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများက အွန်လိုင်းမှပါဝင် တက်ရောက်ကြသည်။
မဟာဗျူဟာအစီအစဉ်များ ရေးဆွဲ
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်က အာဆီယံခရီးသွားလုပ်ငန်း မဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ASEAN Tourism Strategic Plan (ATSP 2016-2025) ၏ အန္တိမ မျှော်မှန်းချက်ဖြစ်သည့် “၂၀၂၅ ခုနှစ်တွင် အာဆီယံဒေသအား တစ်မူထူးခြားကွဲပြားသော အတွေ့အကြုံများကို ပေးစွမ်းနိုင်သည့် အရည်အသွေးမြင့် ပေါင်းစည်းထားသော ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးနှင့် အာဆီယံဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားကို အထောက်အကူပြုစေမည့် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲသောဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်သည့် ခရီးသွားလုပ်ငန်းဖြစ်စေရေး” အတွက် မဟာဗျူဟာ အစီအစဉ်များကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်မှုများအရ မဟာဗျူဟာလုပ်ငန်းစဉ် ၆၉ ခုကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ နှစ်စဉ် တိုးတက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၁ ခုနှစ်မှစ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်း ရှစ်ခုနှင့် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ် ပြုရေးအစီအစဉ် (ASEAN MRA-TP) သည် အာဆီယံခရီးသွားလုပ်ငန်းများ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးကို များစွာအထောက်အကူပြုကြောင်း။
မြန်မာနိုင်ငံရှိ အဓိကခရီးစဉ် ဒေသများတွင် ၂၀၁၆ ခုနှစ်မှစတင်၍ အာဆီယံ ခရီးသွားလုပ်ငန်း၊ စံနှုန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ (၁၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မှစ၍ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုရှိသော ဟိုတယ်များ၊ ခရီးစဉ်ဒေသများနှင့် အစည်းအဝေးခန်းမများဆိုင်ရာ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆု ၉၉ ခု ကို မြန်မာနိုင်ငံမှ ရရှိထားခဲ့ကြောင်း၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပြင် အာဆီယံ ခရီးသွားလုပ်ငန်း စံနှုန်းများကိုလည်း လိုက်နာအကောင်အထည်ဖော်ခြင်းဖြင့် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းမွန်သော ခရီးသွားလုပ်ငန်းများ ဖြစ်လာစေသဖြင့် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ပေါ်ထွန်းလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပို့ချ
ဆက်လက်၍ ဘာသာရပ်တာဝန်ခံများက အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) နှင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအကြောင်း၊ အများပြည်သူ ပါဝင်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းများ၊ အာဆီယံ အများပြည်သူသုံး သန့်စင်ခန်းစံနှုန်းများ၊ အာဆီယံ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းစံနှုန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း အတွေ့အကြုံများနှင့် အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ် (MRA-TP) အကောင်အထည်ဖော် ဆောင်မှုများကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မတ် ၁၂ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခြင်းခံရသည့် အလုပ်အမှုဆောင် ကော်မတီဝင်များကို ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရေး၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်သည့်အချိန်တွင် အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အသစ်များက မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်