နေပြည်တော် မတ် ၁၁
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၈ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ပြောင်းရွှေ့နေရာချထားပေး
အစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ အသီးသီးဖွဲ့စည်း၍ လုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ အချို့သော နေရပ်စွန့်ခွာသူ အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ နေရာချထားပေးနိုင်ခဲ့ပြီး ကရင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်းနှစ်ခုကိုလည်း အပြီးတိုင် ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ယာယီခိုလှုံရာလျက်ရှိသည့် အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည်နေရာချထားပြီး စခန်းများအား ပိတ်သိမ်းနိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဘဏ္ဍာငွေများ ကြိုတင်လျာထား
ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု အခြေအနေအရ မူလနေရပ်သို့ ပြန်လည်နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ထိရောက်ကောင်းမွန်စွာ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်း ရွှေ့ပြောင်းရေးနှင့် စပ်လျဉ်း၍လည်း နေအိမ်၊ ရေ/ မီးသွယ်တန်းခြင်း၊ ကျောက်ချောလမ်း၊ မြေလမ်းတာပေါင် အဆင့်မြှင့်တင်ခြင်း၊ မြေယာလျော်ကြေးပေးခြင်း၊ မြေနေရာအကွက် ချထားပေးခြင်းတို့ကို အဆင့်လိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါစခန်းများ၏ နမူနာကောင်းများကို မှီငြမ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် ယာယီခိုလှုံရာစခန်းများမှ နေရပ်ပြန်သူများအတွက် လတ်တလော လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ကူညီပေးရေးနှင့် လိုအပ်လာနိုင်မည့် လုပ်ငန်းစဉ်များကို ကြိုတင်မှန်းဆ၍ ဘဏ္ဍာငွေများ ကြိုတင်လျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မူလနေရပ်များနှင့် ပြန်လည်နေရာချထားသည့် ဒေသများတွင် လူမှုပဋိပက္ခများ လျော့နည်းပပျောက်စေရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာဖြင့် မှီခိုမှုကင်းပြီး ယခင်ကထက် ပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင် ပြန်လည် တည်ဆောက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကော်မတီအသီးသီးက ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများသာမက နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ IDP Camp များတွင် အချက်အလက် ကောက်ယူခြင်း၊ လူမှုရေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလော လိုအပ်သည်များကို ထောက်ပံ့ကူညီပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့် ကော်မတီများမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်