နေပြည်တော် မတ် ၁၁
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆန်စပါးကို ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ရာတွင် အထောက်အကူပြုနိုင်ရေး၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများမျှတစွာ အကျိုးအမြတ် ရရှိရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်ရာ မှန်ကန်သော သတင်းအချက်အလက် ကိန်းဂဏန်းများကို အားလုံးက အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက် အချင်းချင်း သတင်းအချက်အလက် ဖလှယ်နိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကြိတ်ခွဲသိုလှောင် ရောင်းချမှု စားသုံးမှု တင်ပို့ရောင်းချမှုတို့ကို ဟန်ချက်ထိန်းညှိပေးရေး၊ ထုတ်လုပ်မှုစရိတ်နှင့် အကျိုးအမြတ်၊ ပြည်တွင်း ကုန်ဈေးနှုန်းတို့အပေါ် အခြေခံပြီး ပြည်ပတင်ပို့မည့် ဆန်၏ အရည်အသွေးနှင့် အရေအတွက်ကို ချိန်ဆဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်း ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ဆန်ဈေးအတက်အကျကွာဟချက် ကြီးမားမှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်လုပ်ငန်း ကုန်သွယ်မှုအကျိုးအမြတ်မှ တောင်သူများရရှိသင့်သည့် အကျိုးအမြတ်အချိုး မှန်ကန်စွာ ခံစားခွင့်ရရှိစေရေး ဦးစားပေး ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဝင်ငွေနည်း ပြည်သူများအတွက် ဆန်ဈေးနှုန်းကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ ထုတ်လုပ်မှုနှင့် ပြည်တွင်း ပြည်ပဈေးကွက် အခြေအနေများကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးစိုက်ဧရိယာ စုစုပေါင်း ဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်း ကြီးမြင့်လာမှုမှ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သူများ သက်သာခွင့် ရရှိနိုင်ကြစေရန် ပြည်တွင်း စက်ရုံများမှ ထွက်ရှိသည့် ယူရီးယားဓာတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးနှုန်း အခြေအနေများကြောင့် သွင်းအားစုနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုမှတစ်ဆင့် အဓိကရိက္ခာ ဆန်စပါး၊ ဆန်ထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်သော သား၊ ငါးများ အပါအဝင် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုအပေါ် ထိခိုက်မှု သက်သာလျော့ပါး စေရေးအတွက် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်