Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်နှင့် ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၁၁

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းနှင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၈၅၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၄၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပန်းသစ်တော်သီးပုံး ၁၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၇၅၀)နှင့် ချောင်းဆိုးပျောက်ဆေးရည်ပုံး ၂၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၇၅၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၁ ရက်တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၃၅၆၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်