နေပြည်တော် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈)ရပ်ကွက်နေ ပပလင်း(ဘ)ဦးခင်တီ၊ ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်းနှင့် (ဒ/၁၇)ရပ်ကွက်နေ ညီညီထူး(ခ)ကြွက်သိုက်(ဘ) ဦးသန်းဆွေတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကားနယ်မြေ ရဲစခန်းတို့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။