နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေရာတွင် ဦးစားပေးဒေသများနှင့် ဦးစားပေးရရှိလိုသည့် အကူအညီများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များက အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒုတိယအဆင့်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် အကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်