နေပြည်တော် မတ် ၁၁
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သရုပ်ဆောင်တွေအပါအဝင် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရတဲ့ အနုပညာရှင်တချို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က မတ်လ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုတလောမှာ ဒီလိုပြန်လည်လွှတ်ပေးတာကို သဘောမကျတဲ့သူတွေက ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့နေရတာပါ။
ပြန်လည်လွတ်မြောက်လာတဲ့ အနုပညာရှင်တွေရဲ့ လက်ရှိသဘောထားနဲ့ ပက်သက်ပြီး အနုပညာရှင်ကြီး တစ်ဦးက "လွတ်မြောက်လာကြတဲ့ အနုပညာရှင် အားလုံးလိုလိုက အနုပညာအလုပ်ကိုပဲ ဆက်လုပ်လိုကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကင်းကင်းရှင်းရှင်း နေချင်တော့တာကို သိထားရတယ်" လို့ ရင်ဖွင့်ပြောဆိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိနြ္ဒာကျော်ဇင်၊ ပိုင်တံခွန်နဲ့ ဖေဖော်ဝါရီ(၉)ရက်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
မကြာခင်ကာလမှာ ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့စီစဉ်နေပြီး ရပ်နားထားတဲ့ အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ကိုင်နိုင်ဖို့နဲ့ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသနိုင်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာကြား ပြောဆိုထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “နိုင်ငံတော်အစိုးရအနေနဲ့ အနုပညာနဲ့ ပတ်သက်ပြီးရော အနုပညာရှင်များနဲ့ ပတ်သက်ပြီးရောပါ အလေးထားတာကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်ပါတယ်၊ ယခုအခါမှာ ရပ်နားထားတဲ့ အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ဖို့နဲ့ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသနိုင်ရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟာ မတ်လ ၆ ရက်နေ့ တစ်ရက်တည်းမှာ မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြုစုထုတ်ဝေရေးအဖွဲ့၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့တို့ရဲ့ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ/ ပြန်ကြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ တာဝန်ရှိသူတွေ့ဆုံစဉ်
Crd; Naypyitaw Gazette