Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို အကြိမ် (၇၀)မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့၊ မတ် ၁၀

အကြိမ်(၇၀)မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ အနုပညာအထက်တန်းကျောင်း (ကမ္ဘောဇ ရိပ်သာဝင်း)၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ အောင်ချစ်၊ ဒုတိယ ဥက္ကဋ္ဌ(၂)ဒေါက်တာပြေငြိမ်းနှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိန္ဒက အဖွင့် အမှာစကား မြွတ်ကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယနေ့ကြွရောက်တော်မူလာကြသည့် ဥက္ကဋ္ဌဆရာတော်နှင့်တကွ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဥက္ကဋ္ဌ (၂)အပါအဝင် အဖွဲ့ဝင် ပညာရှင်ကြီးများ အနေဖြင့် ယခင့်ယခင်နှစ်များ နည်းတူ ရှေးနှစ်ပေါင်းများစွာကပင် ရှိပြီးဖြစ်သည့် မြန်မာ့ပြက္ခဒိန်တွက်နည်းစနစ်များ၊ မဟာ သင်္ကြန်စာ ရေးသားမှုပညာရပ်များ တိမ်ကောပ ပျောက်မှုမရှိစေရေးအတွက် သာသနာ့အကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ရှေးရှု၍ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ လက်ဆင့်ကမ်းမျှဝေခြင်းများ ဆောင်ရွက်နိုင်ကြပါရန် ပန်ကြားအပ်ပါကြောင်း လျှောက်ထားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က အကြိမ် (၇၀)မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ (မျက်နှာစုံညီ) အစည်းအဝေး ကျင်းပခြင်းနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားပြီး မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ဝင် ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒက လိုအပ်သည်များကို ပြန်လည်မိန့်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အမျိုးသားယဉ်ကျေး မှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ပြက္ခဒိန်ကို ပညာရပ်တစ်ခုအနေဖြင့် တစ်နှစ်ဒီပလိုမာ သင်တန်းအဖြစ်  ပို့ချနိုင်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ စာတမ်းဖတ်ပွဲများတွင် ပြက္ခဒိန်ပညာရပ်များအား စာတမ်းရေးသားပြုစု၍ ထည့်သွင်းဖတ်ကြား နိုင်ရေးနှင့် ပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ပညာရှင်များ ၆ လလျှင်တစ်ကြိမ် တွေ့ဆုံ၍ ပညာရပ် ဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးနိုင်ရေး လျာထားဆောင်ရွက်သွားရန် ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို (၅)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး  မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် အတွက် မဟာသင်္ကြန်စာနှင့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် အတွက် မူမှန်ပြက္ခဒိန်အား ရေးဆွဲအတည်ပြုကြမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိ မင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံ ခြင်း လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုဏ်ဂူတော်ကြီးအတွင်း တပ်ဆင်မည့် အသံထိန်း နံရံများပုံစံရွေးချယ် ပေးခြင်း၊ Aircon တပ်ဆင်မည့် စနစ်ရွေးချယ်ခြင်း၊ ဓါတ်လှေကားပုံစံစနစ် ရွေးချယ်ခြင်းများ ဆောင်ရွက်ပြီး ပစ္စည်းများ အချိန်မီရောက်ရှိရေး ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်သည့် လုပ်ငန်းများ ခိုင်ခံ့မှုအာမခံနိုင်ရေး၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲ ဆောင်ရွက်ရေး စသည် တို့ကို လမ်းညွှန်မှာကြားသည်။

သတင်းစဉ်