Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း ဖွဲနုဆီစက် ပြန်လည်အသုံးပြနိုင်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မိုးကြိုးကုန်းကျေးရွာရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် တန် ၅၀ ဖွဲနုဆီစက်ရုံအဟောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ဆီထွက်သီးနှံ အထွက်တိုးစေရေး၊ နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့် ဖွဲနုမှ ဖွဲနုဆီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ရန် ဖွဲနုဆီစက် ပြန်လည်အသုံးပြုနိုင်မှု ရှိ၊ မရှိနှင့် စတင်ရပ်နားခဲ့သည့် အခြေအနေ၊ ပြန်လည်ပြင်ဆင်နိုင်မည့် အခြေအနေနှင့် အသုံးပြုနိုင်/ မပြုနိုင် အခြေအနေတို့ကို သိရှိလိုပါကြောင်း ပြောကြားကာ စက်ရုံမှ တာဝန်ရှိသူများ၏ စက်ရုံ ယခင်လည်ပတ်ခဲ့မှု၊ နောက်ဆုံးရပ်တန့်ခဲ့မှု၊ ပြန်လည်ပြင်ဆင်ရန် လိုအပ်မှုနှင့် ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များမေးမြန်းပြီး စက်ရုံ၏ လက်ရှိအခြေအနေများကို ကြည့်ရှစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ဆည်မြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ခရိုင်အတွင်း ဆီထွက်သီးနှံ၊ နေကြာ တိုးချဲ့စိုက်ပျိုးရေးတို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ် ပေတောကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူဦးရေ ၇၂၇ ဦး အကျိုးပြုမည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ မြစ်သားမြို့နယ် ရွာခိုင်ကြီး(မြောက်)ကျေးရွာရှိ ကျေးရွာတောင်သူ ၇၀ တို့၏ စိုက်ပျိုးမြေဧက ၂၀၀ ကျော် အကျိုးပြုမည့် ခိုင်ကြီး(မြောက်) အရှည် နှစ်မိုင် ၁ ဒသမ ၄၅ ဖာလုံရှ ိကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ အထွက်တိုးစေရေး၊ နေကြာတိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ဌာနများသို့ ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးကြရန်နှင့် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

သတင်းစဉ်