နေပြည်တော် မတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် Global New Light of Myanmar သတင်းစာတိုက် ဒါရိုက်တာ အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများ Global New Light of Myanmar သတင်းစာတိုက် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Global New Light of Myanmar သတင်းစာကို လက်ရှိထုတ်ဝေနေသည့် အခြေအနေမှ အဆင့်မြှင့်တင်ပြီး နိုင်ငံတကာသို့ ဖြန့်ချိနိုင်ရန်၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ နှင့်စပ်လျဉ်း၍ သတင်းအမှန်များကို နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရန် ဆောင်ရွက်လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း။
နိုင်ငံတကာသို့ ရောက်ရှိရန်လို
နိုင်ငံတော်၏ အခြေအနေအမှန်များ ဖြစ်ပေါ်တိုးတက်မှုများကို နိုင်ငံတကာသို့ ရောက်ရှိရန် လိုအပ်ပါကြောင်း၊ Global New Light of Myanmar သတင်းစာကို ယခုထက် ပိုမိုပျံ့နှံ့ဖတ်ရှုသည့် မီဒီယာတစ်ခု ဖြစ်စေလိုပါကြောင်း၊ နိုင်ငံတကာမှ စိတ်ဝင်စားသည့် သတင်းစာဖြစ်ရန် ရည်ရွယ် ဆောင်ရွက်စေလိုပါကြောင်း၊ ပိုမိုထူးခြားသော အသွင်အပြင်နှင့် သတင်းများ၊ မြန်မာနိုင်ငံ၏ ခိုင်မာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များ၊ လတ်တလော စိတ်ဝင်စားနေသည့် သတင်းများကို ဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း၊ ပုံမှန်သမားရိုးကျ နည်းလမ်းမှ နိုင်ငံတကာမှ စိတ်ဝင်စားသည့် သတင်းစာ တစ်စောင်ဖြစ်ရန် တက်ရောက်လာသူများအနေဖြင့် လက်တွေ့ကျသော လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် Global New Light of Myanmar သတင်းစာတိုက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာအဖွဲ့ဝင်များက သတင်းစာ၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေးအတွက် စုဖွဲ့ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တက်ရောက်လာကြသူများက သတင်းအမှန်များကို နိုင်ငံတကာသို့ ထိုးဖောက်ရောက်ရှိနိုင်ရေး၊ သတင်းစာ၏အပြင်အဆင်နှင့် သတင်းများအရည်အသွေး တိုးတက်ပြောင်းလဲရေး၊ ဈေးကွက်ချဲ့ထွင် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်