Skip to main content

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီးသို့ ပျက်ကျခဲ့သည့် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၏ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်းသို့ စက်ချို့ယွင်းမှုကြောင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျောက်ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် စာရေးကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံ ပြည်သူများအား ချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်