နေပြည်တော် မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ကံကြီးကုန်းကျေးရွာအနီးသို့ ရောက်ရှိစဉ် အကြမ်းဖက်အင်အား ၅၀ ခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက် သမားများပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ၏ အရှေ့ဘက်ခြမ်းရှိ နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်အား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ လက်လုပ်တစ်တောင့်ထိုး သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များ မဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်