နေပြည်တော် မတ် ၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် မတ် (၇) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ရွှေအင်းသား ဟိုတယ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကလောမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကလောမြို့အား ခရီးသွားမြို့အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လတ်တလောဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ကာလလတ်၊ ကာလရှည် အစီအမံများချမှတ်၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် SOP များ ရေးဆွဲဖော်ထုတ်ရန် လိုအပ်ပါကြောင်း မှာကြားပြီး ပို့ဆောင်ရေးနှင့် ယာဉ်ရပ်နားရန်ကိစ္စ၊ မြို့၏ရေလိုအပ်ချက် ဖြည့်ဆည်းရေးကိစ္စ၊ ရေနွေးငွေ့စက်ခေါင်း မီးရထားခရီးစဉ် အကောင်အထည် ဖော်နိုင်ရေးကိစ္စနှင့် အင်းလေးကန် ရေရှည်သာယာ လှပရေးကိစ္စတို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်သော ကိုဗစ်-၁၉ Safe Service အသိအမှတ်ပြုတံဆိပ်ဖြစ်သည့် Enchanting Myanmar Health and Safety Protocol (HSP) အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ရရှိသည့် ညောင်ရွှေမြို့ရှိ ရွှေအင်းသား ဟိုတယ်နှင့် ကလောမြို့ရှိ Pine Hill Resort ဟိုတယ်တို့ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့်ဗေဒါများ ဆယ်ယူရှင်းလင်း ဆောင်ရွက်ပြီးစီးမှုကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုပြီး အင်းလေးဖောင်တော်ဦးဘုရားကို ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး၊ ပြည်နယ်အစိုးရရိပ်သာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ ဌာနဆိုင်ရာများ၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ (၄)နိုင်ငံ ခရီးစဉ်ဒေသတစ်ခု (Four Countries - One Destination)၊ ဖော်ဆောင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်သော ကိစ္စများကို ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ Safe Service အသိအမှတ်ပြု တံဆိပ်ဖြစ်သည့် Enchanting Myanmar Health and Safety Protocol (HSP) အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် ရရှိသည့် ကျိုင်းတုံမြို့ရှိ အိမ်ရှေ့စံမင်းသမီး ဟိုတယ်အား ကိုဗစ်-၁၉ Safe Service အသိအမှတ်ပြုလက်မှတ် ပေးအပ်သည်။
မတ် (၈) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့၊ သီလဓမ္မ ကုန်းသာတောရကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကန်တော့ပြီး သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင် တို့သည် ကျိုင်းတုံမြို့နယ်၊ ဟိုကျင်းအာခါကျေးရွာသို့ ရောက်ရှိပြီး၊ ဟိုကျင်း အာခါကျေးရွာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဟိုကျင်း CBT ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်းပေးကာ အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းဖော်ဆောင်ရာ၌ Public, Private, People ဆိုသည့် 3P သည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း၊ တာဝန်သိခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းမူဝါဒ စသည်ဖြင့် ခရီးသွားလုပ်ငန်းမူဝါဒများ သာမကလုပ်ငန်း လမ်းညွှန်များကိုပါ ထုတ်ပြန်ထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း ပအို့ (၉)ရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အောင်မြင်စွာလုပ်ကိုင် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ အာဆီယံမှ ဆုတံဆိပ်များလည်း ရရှိခဲ့ပါကြောင်း၊ ဟိုကျင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ယခုထက်ပိုမို တိုးတက်စေရန် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ကြိုးစားလုပ်ကိုင် ကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ဟိုကျင်းကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း ကော်မတီ နာယက ဦးမင်းညိုက ဟိုကျင်းကျေးရွာ၌ (CBT) လုပ်ငန်းဆောင်ရွက်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်က ဟိုကျင်းကျေးရွာ တာဝန်ရှိသူထံသို့ ဟိုကျင်း CBT ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်တော်နှင့် လွယ်မွေတောင်ပေါ် စခန်းမြို့သို့ ရောက်ရှိပြီး ခရီးစဉ်ဒေတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ မဟာမြတ်မုနိ ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ဆက်လက်၍ ရှမ်းယွန်းကုန်ထုတ်လုပ်ငန်း သမဝါယမအသင်းသို့ ရောက်ရှိရာ လုပ်ငန်းရှင် ဦးစိုင်းလုံက ယွန်းထည်များထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့၏ အဓိကခရီးသွား ဆွဲဆောင်မှုတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင် အပန်းဖြေစခန်းကို လှည့်လည်ကြည့်ရှုကာ စခန်းသာယာ လှပရေးနှင့် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်