(၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၂ ခုနှစ် မတ်လ ၈ ရက်) အင်္ဂါနေ့၊ ၀၈ ၁၀ အချိန်)
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒသမ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အရှင်မြတ်တို့ဘုရား -
ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံတော်မူကြလျက် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်အောင် အရှည်ခန့်၍ တည်တံ့အောင်၊ စည်ပင်ပြန့်ပွားထွန်းကားအောင် သတိပညာရှေ့သွားပြု၍ ကြိုးပမ်း အားထုတ်ဆောင်ရွက်တော် မူနိုင်ကြပါစေဟု အာသီသပတ္ထနာပြုကာ နှုတ်ခွန်းဆက်သအပ်ပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့ ဘုရား -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာလ, ဒေသ, ဌာန အားလျော်စွာ ၁၉၈၀ ပြည့်နှစ်မေလတွင် ထေရဝါဒဗုဒ္ဓသာသနာ သံဃာဂိုဏ်းကြီး (၉) ဂိုဏ်းတို့ စည်းလုံးညီညွတ်မှုရရှိကာ သမ္မုတိရ သံဃာကိုယ်စားလှယ် ဆရာတော် ၁၂၁၈ ပါးတို့ ကြွရောက်တော် မူကြပြီး ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်ဘုရား။ ထိုအစည်းအဝေးကြီးမှ သံဃာအဖွဲ့ အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းနိုင်ခဲ့ရာ မျက်မှောက်ခေတ်ထေရဝါဒ ဗုဒ္ဓသာသနာတော် မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စများ ဆောင်ရွက်ရာတွင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူကို ချမှတ်၍ ဆောင်ရွက်နိုင်ခဲ့ကြပါသည်ဘုရား၊ ယင်းသို့ ဆောင်ရွက် နိုင်ရေးအတွက် သံဃာအဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများ၊ ဝိနည်း ဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ပရိယတ္တိ စာမေးပွဲများ ကျင်းပရေးဆိုင်ရာ စည်းမျဉ်းများ၊ ထေရဝါဒဗုဒ္ဓဘာသာ သီလရှင်အဖွဲ့အစည်း အခြေခံစည်းမျဉ်း များစသည်ဖြင့် စည်းမျဉ်း စည်းကမ်းများရေးဆွဲ၍ ဆောင်ရွက်ခဲ့ ကြပါသည်ဘုရား။ ထိုအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း လက်စွဲ၊ ညွှန်ကြားလွှာ စသည်တို့ကိုလည်း ရှေးရှေး ဆရာ့ဆရာ အာစရိယ ပရမ္ပရ ထေရ်အရှင်တို့က ဒီဃဒဿီဉာဏ်အမြင်၊ မဟာကရုဏာရှင် ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင် မိန့်ကြားတော်မူခဲ့သော ဓမ္မဝိနယတို့နှင့်အညီ အကြိမ်ကြိမ် စည်းဝေးတိုင်ပင် ညှိနှိုင်းတော်မူကြ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါသည်ဘုရား။
ထိုစည်းမျဉ်းတို့တွင် သံဃာအဖွဲ့အစည်း အဆင့်ဆင့်အလိုက် သက်ဆိုင်သည့် ဂုဏ်အင်္ဂါ အရည်အချင်းများကိုလည်း ရေးဆွဲပြဋ္ဌာန်း ထားသည်ဖြစ်ရာ ဥပမာအနေဖြင့် လျှောက်ထားရပါမူ -
မြို့နယ်သံဃနာယကဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါ အရည်အချင်းများအဖြစ် သံဃာအဖွဲ့ အစည်း လုပ်ထုံးလုပ်နည်း အခန်း (၄)၊ အပိုဒ်(၃၅)တွင် အပိုဒ်ခွဲ (ခ) ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်။ အပိုဒ်ခွဲ (င) ခမာ၊ ဇာဂရိယဂုဏ်နှင့် ပြည့်စုံရမည်ဟုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါအရည် အချင်းများအဖြစ် သံဃာအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း(၄) အပိုဒ် (၅၂)တွင် အပိုဒ်ခွဲ(ခ) ပရိယတ္တိ ဝိသာရဒ၊ ပိဋကတ္တယဆေးက ဂုဏ်နှင့်ပြည့်စုံရမည်။ အပိုဒ်ခွဲ(င) ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်ဟု လည်းကောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်၏ ပြည့်စုံ ရမည့် ဂုဏ်အင်္ဂါအရည်အချင်းများအဖြစ် သံဃာအဖွဲ့အစည်း လုပ်ထုံး လုပ်နည်း အခန်း (၄) အပိုဒ် (၈၂) တွင်
အပိုဒ်ခွဲ(ခ) လောက ဓမ္မ နှစ်ဌာနတို့၌ တတ်သိလိမ္မာရမည်။ အပိုဒ်ခွဲ(ဂ) သံဃာ့အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို ဦးစားပေး ဆောင်ရွက်လိုသော စိတ်ဆန္ဒရှိရမည်ဟု လည်းကောင်း၊ သင့်လျော်ကောင်းမွန်သည့် ပြဋ္ဌာန်းချက်များကို အသီးအသီး ပြဋ္ဌာန်းထားနိုင်ခဲ့ပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်သူမြတ်တို့ဘုရား -
“တေန ဟိ ဘိက္ခဝေ ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ၊ ဒသ အတ္ထဝသေ ပဋိစ္စ” ဟူသော သိက္ခာပုဒ်တော်များ ပညတ်မည့်အချိန် တိုင်းတွင် တပည့်တော်တို့၏ အနန္တဂုဏ်ရှင်သဗ္ဗညု ဘုရားသခင် သည် သာဝကတို့၏ အကျိုးစီးပွား (၁၀) ပါးကို ဦးထိပ်ထား ပညတ်တော် မူမြဲဖြစ်သည်ကို လျှောက်ထားလိုပါသည်ဘုရား။ လောကသုံးအင် အတွက် ကောင်းကျိုးတရားများ တိုးပွားသည်ထက် တိုးပွားအောင် လမ်းညွှန်ပြသ သြဝါဒ အနုသာသနီပြုသည့် ပုဂ္ဂိုလ်များတွင် သဗ္ဗညု ဘုရားသခင်သည်သာ အထူးချွန်ဆုံး၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပါကြောင်းလည်း လျှောက်ထားလိုပါသည်ဘုရား။ ထိုသို့သော ဘုရားရှင်၏ ပညတ်ချက်တို့အပေါ်သာဝကအဆက်ဆက် တို့ကလည်း “ပညာယိဿတိ ဘန္တေ သာဝတ္ထိယာ သံဃာ သကာယ ကတိကာယ၊ န မယံ အပညတ္တံ ၊ ပညာပေဿာမ၊ ပညတ္တံ ဝါန သမုန္ဒိဿာမ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိသာမ” (ပါရာဇိကပါဠိ၊ စာမျက်နှာ ၃၃၇) ဟူသော အရှင်ဥပသေန မထေရ်၏ နှလုံးသွင်းအတိုင်း လက်ရှိထေရဝါဒဗုဒ္ဓသာသနာတော်ရှိ သံဃာထုတစ်ရပ်လုံး ကျင့်သုံးခံယူနေပြီး ဘုရားရှင်၏ သိက္ခာပုဒ် ပညတ်တော်မူခြင်း၏ အကျိုးတရားဆယ်ပါးကိုလည်း ရရှိပြီးဖြစ်ပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့ဘုရား-
သိက္ခာပုဒ်တော်များ ပညတ်တော်မူခြင်းကြောင့် ရရှိနိုင်သော အကျိုးတရား (၁၀) ပါးမှာ
(၁) သံဃသုဋ္ဌတာယ - သံဃာတော်များ ကောင်းပါပြီဟု ဝန်ခံရခြင်းအကျိုးတရား ၊
(၂) သံဃဖာသုတာယ - သံဃာတော်များချမ်းချမ်းသာသာ ဖြစ်စေခြင်းအကျိုးတရား
(၃) ဒုမ္မဋ်နှံ ပုဂ္ဂလာနံ - ဒုဿီလပုဂ္ဂိုလ်များကို နှိမ်နင်းခြင်း နိဂ္ဂဟာယ အကျိုးတရား ၊
(၄) ပေသလာနံ ဘိက္ခုနံ- သီလကို ချစ်မြတ်နိုးသောရဟန်း ဖာသုဝိဟာရာယ တော်များ ချမ်းသာစွာနေထိုင်ရခြင်း အကျိုးတရား ၊
(၅) ဒိဋ္ဌဓမ္မိကာနံ - မျက်မှောက်ဘဝဘေးရန်များကို အာသဝါနံ သံဝရာယ ဖယ်ရှားရခြင်းအကျိုးတရား (၆) သမ္ပရာယိကာနံ - တမလွန်၌ဘေးရန်များကိုဖယ်ရှား အာသဝါနံ တားမြစ်ရခြင်း အကျိုးတရား ပဋိဃာတာယ၊
(၇) အပ္ပသန္တာနံ - မကြည်ညိုသေးသောပုဂ္ဂိုလ်များ ပသာဒါယ ကြည်ညိုလာခြင်းအကျိုးတရား
(၈) ပသန္နာနံ - ကြည်ညိုပြီးသူများ သဒ္ဓါတရား ဘိယျာဘာဝါယ ပိုမိုထက်သန်ပွားများခြင်းအကျိုးတရား
(၉) သဒ္ဓမ္မဋ္ဌိတိယာ - သဒ္ဓမ္မသုံးဖြာသာသနာအဓွန့်ရှည်ကြာ တည်တံ့ခြင်းအကျိုးတရား
(၁၀) ဝိနယာနုဂ္ဂဟာယ - ဝိနည်းတရားတော်ကို ချီးမြှောက်နိုင်ခြင်းအကျိုးတရားတို့ ဖြစ်ပါသည်ဘုရား။
မြတ်စွာဘုရားရှင်သာ သိက္ခာပုဒ်တော်များကို ပညတ်ထားခြင်း မရှိခဲ့ပါက အထက်ပါ အကျိုးတရားများကို ရရှိခံစားနိုင်ဖို့ရန် ( မလွယ်ကူသကဲ့သို့ သာသနာတော်မြတ်ကြီးသည်လည်း အညစ် အကြေးကင်းစွာ ထွန်းပနေဖို့ရာ မလွယ်ကူနိုင်သည်မှာ သေချာလှပါသည် ဘုရား။
သာသနာတော်သက်တမ်းတစ်လျှောက်တွင် ဖျက်လိုဖျက်ဆီး ပေါ်ပေါက်ခဲ့ကြကုန်သော သာသနာဖျက် ရဟန်းညစ်၊ ရဟန်းဆိုးတို့၏ မိစ္ဆာဝါဒ အယူအဆ အမျိုးမျိုးတို့ကို သာသနာ့ဦးသျှောင် ဆရာတော် သံဃာတော်အရှင်မြတ်ကြီးများက ဓမ္မဝိနယနှင့် ညီညွတ်စွာ အကြိမ်ကြိမ်အခါခါ သုတ်သင် ရှင်းလင်းခဲ့ကြရပါသည်ဘုရား။ ။
ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုများကို သင်္ဂါယနာတင်ခြင်းဟု ခေါ်ဆိုနိုင်ပြီး နောက်ဆုံးတင်တော်မူခဲ့သည့် ဆဋ္ဌသင်္ဂါယနာပွဲကြီးက သန့်ရှင်းသုတ်သင် တည်းဖြတ်ကာ အတည်ပြုတော် မူထားသည့် ပိဋကသုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာတော်မြတ်တို့အတိုင်း ယခု ဘုရားတပည့်တော်တို့ ကျင့်ကြံအားထုတ်ခွင့် ရရှိနေကြပါသည် ဘုရား။
ဝိနည်းသိက္ခာပုဒ်ပညတ်တော်မူခြင်း၏ အကျိုးတရားများတွင် ရှေးဦးမဆွ သံဃသုန္ဒူ၊ သံဃဖာသု ဖြစ်ဖို့ရန် အရေးပါသည်။ ဘုရား ဟောဖော် ပါဠိတော်များနှင့် ဝိနည်းပညတ်တော် မူချက်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်ကြရန်မှာ အလွန်အရေးကြီးလှပါသည်ဘုရား။ ဘုရားရှင်အလိုတော်ကျ ဘုရားတပည့်တော်တို့ အဆက်ဆက် ကျင့်သုံးနေထိုင်ကြမည်ဆိုလျှင် သာသနာကွယ်ပစရာ အကြောင်း
တရားများ ပေါ်ပေါက်လာဖွယ် မရှိနိုင်သည်ဖြစ်ခြင်းကြောင့် ဘုရားရှင်၏ ယဉ်ကျေးသိမ်မွေ့သော အဆုံးအမတော်များအတိုင်း ဆက်လက် ကျင့်ကြံနေထိုင်သွားကြရမည် ဖြစ်ပါသည်ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား
မြတ်စွာဘုရားရှင်က သီလက္ခန္ဓဝဂ္ဂပါဠိတော်တွင် “သီလ ပညာ ဏဉ္စ ပန လောကသို့ အဂ္ဂမက္ခာယတိ” ဟု ဟောကြားတော်မူထား ပါသည်ဘုရား။ လောကကြီးတစ်ခုလုံးကို ဦးစီးဦးဆောင် ပြုရာ၌ ကိုယ်ကျင့်သီလ တရားနှင့် အရာရာကို ဝေဖန်ခွဲခြားနားလည်သိမြင်နိုင်မှု ပညာတရားတို့ကသာ အရေးအကြီးဆုံး၊ အကောင်းမြတ်ဆုံး ဖြစ်ကြောင်း ဟောကြားတော်မူထားခြင်း ဖြစ်ပါသည်ဘုရား။
သီလရှိသော ပုဂ္ဂိုလ်ဖြစ်လျှင် ပညာရှိပါသည်။ ပညာရှိသော ပုဂ္ဂိုလ်ဖြစ်လျှင်လည်း သီလရှိပါသည်ဘုရား။ လက်တစ်ဖက်ဖြင့် အခြား လက်တစ်ဖက်ကို ဆေးကြောရသကဲ့သို့ ခြေတစ်ဖက်ဖြင့် အခြား ခြေတစ်ဖက်ကို ဆေးကြောရ သကဲ့သို့ သီလကို ပညာဖြင့် ဆေးကြောရပါသည်။ ထို့အတူပင် ပညာကိုလည်း သီလဖြင့်ပင် ဆေးကြောရပါသည် ဘုရား။
သံဃာထုတစ်ရပ်လုံးကသီလနှင့် ပညာကို ဟန်ချက်ညီညီကျင့်သုံး နေထိုင်ကြမည်ဆိုလျှင် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင်မက ဆက်လက်တည်တံ့နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်ပါသည် ဘုရား။
နိဂုံးချုပ်အနေအားဖြင့် လျှောက်ထားရပါမူ လောကကြီးတစ်ခုလုံး အတွက်သာမက သာသနာတော်မြတ်ကြီးအတွက် ဦးဆောင်ဦးရွက် ပြုတော်မူနေကြသည့် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးအနေဖြင့် အမြတ်ဆုံးဖြစ်သော သီလ ပညာတရားများကို ကေ၀လပရိပုဏ္ဏ သဘောဆိုက်အောင် ကျင့်ကြံအားထုတ်သင့်ကြပါကြောင်းနှင့် သီလ၊ သုတစွယ်စုံပြည့်ဝလျက် သာသနာတော်မြတ်ကြီး အရှိန်အဟုန်မပျက် ဆက်လက်ထွန်းပသည့် သာသနာ့တန်ဆောင်အဖြစ် အလင်းရောင်များ ဖြန့်ဝေပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ဘုရားတပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ။