Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်

နေပြည်တော် မတ် ၈

CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်း၊ မြို့ရွာများတွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က မိုးညှင်းတက္ကသိုလ်၏ အရှေ့မြောက်ဘက်မီတာ ၄၅၀ ခန့်က နေ၍ ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် တက္ကသိုလ်၏ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါကျောင်းဝင်းတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Quaratine Center တွင် ထားရှိသည့် ဒေသခံ ပြည်သူများ နေထိုင်လျက်ရှိရာ အဆိုပါပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိသော်လည်း အိပ်ဆောင်နှင့် ထမင်းစားဆောင်များရှိ ပြူတင်းပေါက်မှန်များ၊ လေကာမှန်များ ပျက်စီးခဲ့ပြီး အဆောက်အဦနံရံများ လက်နက်ကြီး၊ လက်နက်ငယ်များ ကျည်များ ထိမှန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ  လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများလုံခြုံရေး ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လစ်ဟာမှုရှိသည့် နေရာများက မိုင်းထောင် ဖောက်ခွဲခြင်း၊ ယခုကဲ့သို့  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းကာကွယ် တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု တစ်စုံတစ်ရာတွေ့ရှိပါက လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားပေးနိုင်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်