Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို  ယနေ့ မွန်းလွဲ၁ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင် ပေးနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသို့ တာဝန်ထမ်းဆောင်ရန် အသစ်ခန့်ထား ရောက်ရှိလာကြသော အမှုထမ်းများ ကို ယခုကဲ့သို့ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် လေ့လာသင်ယူခဲ့ရသည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက်နိုင်စေရန် လေ့လာဆည်းပူးသွားစေ လိုပါကြောင်း၊ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ် လူငယ်လူရွယ် များစွာလိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအကျိုးကို တိုင်းရင်းသားပြည်သူအားလုံး သယ်ပိုးရမည်ဆိုသည့် ခံယူချက်ထားရှိရန် လိုပါကြောင်း၊ ငြိမ်းချမ်းရေးရရန်အတွက် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA-Nationwide Ceasefire Agreement) ဆွေးနွေးမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားမျှတသော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရေးအတွက် အရေးပါသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများတွင်လည်း မိမိတို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများ၊ ဘာသာရပ်များကို အခြေခံပြီး ကျရာနေရာမှ ဌာနအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေ လိုပါကြောင်း  ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့၏စွမ်းဆောင်ရည် (Capacity Building) ကို အမြဲမြှင့်တင်နေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားမှ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်မြင့်မားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အမှုထမ်းများ ဖြစ်ကြသော်လည်း ကြိုးစားပါက အမြင့်ဆုံးရာထူးအထိ မျှော်မှန်းနိုင်ပါကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သတိ၊ သမာဓိ၊ သဒ္ဓါ၊ သီလ၊ လုံ့လဝီရိယနှင့် ပညာတို့ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်း တာဝန်များကို စေတနာထား၍ ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက်ကြပြီး သင်တန်း ကာလကို ရက်သတ္တ (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)