နေပြည်တော် မတ် ၇
မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၃ ရက် မွန်းလွဲ ၁နာရီခွဲတွင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်း ရပ်ကွက်တွင် သက်နိုင်(၅၈ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ မွန်းလွဲ ၂ နာရီတွင် ( မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်း (၂/ခ)ရပ်ကွက် ဘူတာလမ်းတွင် စိတ်ကြွရူးသွပ် ဆေးပြားများရောင်းချခိုင်းသူ ကျော်လွင်(၅၄ နှစ်)အား Beijing မော်တော်ယာဉ် နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ရာ ညနေ၃ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၄၄) ရပ်ကွက် ရွှေစင်(၁)လမ်းရှိ ကျော်လွင်၏တိုက်ခန်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ ဒသမ ၂ သိန်းနှင့် ဘိန်းဖြူ ဘလောက်တုံး ၇၆ တုံး၊ အလေးချိန် ၂၅ ဒသမ ၈၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန် တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်သို့သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်