နေပြည်တော် မတ် ၇
မန္တလေးတိုင်းဒေသကြီး၌ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အားပေးကူညီသွားမည် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီကို ပြည်သူများ ဖူလုံစွာစားသုံးနိုင်ရေးနှင့် သွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်နှုန်းကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံသည် တစ်ဧက ဆီထုတ်လုပ်မှုနှုန်း အမြင့်ဆုံးသီးနှံဖြစ်၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို တစ်ရာသီ နှစ်ရာသီ အတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
တောင်သူတွက်ခြေကိုက်သော အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သော မျိုးကောင်း မျိုးသန့်ရရှိရေး၊ နည်းပညာနှင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ စားသုံးဆီသန့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
အလားတူ ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်ရှိထုတ်လုပ်လျက် ရှိသည့် ဝါမျိုးများထက် ချည်မျှင် ပိုမိုရှည်လျားပြီး အရည်အသွေးကောင်း ဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် ပြည်ပမှမျိုးသစ်များ တင်သွင်းစိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့ထုတ်တောင်သူ အသင်းအဖွဲ့များ အားကောင်းလာစေရန် မျိုးစေ့ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဝါသီးနှံမှ အဝတ်အထည်အတွက် ချည်ထုတ်လုပ်ခြင်းအပြင် ဝါစေ့ဆီကို စားသုံးဆီအဖြစ် သန့်စင်ထုတ်ယူနိုင်သကဲ့သို့ ဝါစေ့ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင် ခြင်းကြောင့် ဘက်စုံအကျိုးပြုနိုင်သော သီးနှံဖြစ်၍တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက မန္တလေးတိုင်း ဒေသကြီးအတွင်း သီးနှံအမည်စုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အထူးသဖြင့် ဆီထွက်သီးနှံ နေကြာနှင့် ဝါသီးနှံ အောင်မြင်ဖြစ်ထွန်းရန် သေချာသည့်ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် ဝင်ငွေအကျိုး အမြတ်ရရှိစေမည့် သီးနှံပုံစံဖြစ်စေရေး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက် ထုတ်လုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသသောက်သုံးရေ၊ စိုက်ပျိုးရေဖူလုံရေး အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး၌ ဆည်ကန်များနှင့် ရေတင်စီမံကိန်းရေသောက်စနစ်များရှိ ရေချွေတာ သုံးစွဲရန်လိုအပ်သည့် ဒေသများတွင် နေကြာနှင့် ချည်မျှင်ရှည်ဝါသီးနှံများကို အစားထိုး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံကို မိုးနှင့် ဆောင်းသီးနှံများအဖြစ် လက်ရှိတွင် ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုး လျက်ရှိပြီး လာမည့်စိုက်ပျိုးရာသီမှစ၍ ဧက ၁၇၀၀၀၀ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ရာ စုစုပေါင်း နေကြာဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေး
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မတ် ၆ ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံတွင် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဝါသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ သုတေသနစိုက်ကွက်များဆောင်ရွက်ရာတွင် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း၍ ထိရောက်ကျယ်ပြန့်သော သုတေသနဖြစ်စေရန်နှင့် မိမိတို့ခြံများမှ မျိုးပွားထုတ်လုပ်လိုက်သည့် မျိုးစေ့အဆင့်အလိုက် ဝါမျိုးစေ့များ တောင်သူ့လက်ဝယ် စီးဆင်းရောက်ရှိ အသုံးပြုမှု မှတ်တမ်းများ ထားရှိဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါမျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး အစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ကို လေ့လာဖော်ထုတ်ရန်နှင့် စက်ရုံများ လိုအပ်သည့် ဝါအရည် အသွေးဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးဒီပလိုမာ သင်တန်းများအတွက် ဘာသာရပ်အလိုက် သင်ကြားရေးဝန်ထမ်းများ ပြည့်စုံစေရေး ဆောင်ရွက် ထားရှိမှု၊ မွေးမြူရေးတိရစ္ဆာန်များနှင့် တိရစ္ဆာန် အစာပင်များ စိုက်ပျိုးကျွေးမွေးမှုစနစ် များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။
ညနေပိုင်းတွင် ပြင်ဦးလွင်ရှိ ပွေးတောင် ကော်ဖီနည်းပညာဖွံ့ဖြိုးရေး ခြံ၌ မြန်မာနိုင်ငံ ကော်ဖီအသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များအား တွေ့ဆုံ၍ မန္တလေးတိုင်းဒေသ ကြီးပြင်ဦးလွင်ကို ကော်ဖီအဓိက ထုတ်လုပ်သည့်ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်ဖီစိုက်ပျိုးသည့် ဧရိယာအားလုံး ထုတ်လုပ်မှုစွမ်းအား အပြည့်အဝထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာန၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ချက်များကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်