Skip to main content

မဖြစ်မနေကိုင်ဆောင်ထားရမည့် နိုင်ငံသားသက်သေခံအထောက်အထား

မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ပေးသည့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက်ကာလသည် ယခုအခါ ၁၀ လ တင်းတင်းပြည့်ပြီးခဲ့ပြီ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် လူဦးရေ ၄ ဒသမ ၆ သန်းကျော်သည် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးမရှိဘဲ မဲစာရင်းတွင် ပါဝင်ခဲ့ခြင်းကြောင့် နောင်တွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ယင်းကဲ့သို့ မဖြစ်စေရန် အသက် ၁၆ နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်သည်။

သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ရန် အခက်အခဲရှိခြင်း၊ ရုံးဌာနများသို့ ဝင်ထွက်သွားလာရန် မဝံ့ရဲခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား သက်သေခံအထောက်အထားမရှိ သူ လူဦးရေသန်းနှင့်ချီ၍ ရှိနေရာ ပန်းခင်းစီမံချက်၏ လုပ်ငန်း ပမာဏမှာ ကြီးမားလှသည်။ ပန်းခင်းစီမံချက်သည် နိုင်ငံအတွက် အရေးကြီးသကဲ့သို့ နိုင်ငံသားများအတွက်လည်း နိုင်ငံသားအခွင့် အရေး ရရှိခံစားနိုင်ရေး နိုင်ငံသားအထောက်အထားတစ်ခု ထုတ်ပေးရခြင်းဖြစ်၍ အရေးကြီးသည်။ ယင်းသို့ ထုတ်ပေးနိုင်ရေးအတွက် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းတို့ကို နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ပေးနေသည့်အတွက် ဒေသအလိုက် ရာနှုန်းပြည့်ပြီးစီးသည့်ဒေသများ၊ လျာထားချက်ထက် ကျော်လွန်ပြီးစီးသည့် ဒေသများ ရှိနေပြီဖြစ်သည်။ သက်ဆိုင်ရာဌာနက စီမံချက်အချိန်မီပြီးစီးရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့် မိသားစုများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိသည့် လူပုဂ္ဂိုလ်များအနေဖြင့်လည်း မိမိတို့အတွက်မရှိမဖြစ်လိုအပ်သည့် သက်သေခံအထောက်အထားတို့ ကိုင်ဆောင်ထားနိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်သည်။ ယခုအခါနိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများ ပြသ၍ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းတို့ကို ခွင့်ပြုတော့မည် မဟုတ်ဘဲ တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို လာမည့် ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှစ၍ ပြသစစ်ဆေးခံကြရတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက မိဘပြည်သူများသို့ အသိပေးကြေညာချက်ကို ထုတ်ပြန်ထားပြီဖြစ်ရာ ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိသေးသူများ ကိုင်ဆောင်ထားနိုင်ရေး ဆောင်ရွက်ကြရန် တွန်းအားပေးလိုက်ခြင်းလည်း ဖြစ်သည်။

မိသားစုအတွက် အိမ်ထောင်စုလူဦးရေစာရင်းသည်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်သည် လည်းကောင်း အရေးကြီးသည့်အလျောက် ဘဝတစ်လျှောက် လုံးအတွက် မရှိမဖြစ် ကိုင်ဆောင်ထားကြရမည် ဖြစ်သည်။ ပန်းခင်းစီမံချက်ဖြင့် အဆင်ပြေပြေချောချောမွေ့မွေ့ ဆောင်ရွက်ပေးနေသကဲ့သို့ ယာယီထောက်ခံစာများဖြင့် အစစ်ဆေးခံခြင်းတို့ကိုလည်း ခွင့်မပြုတော့ပြီဖြစ်ရာ မိမိတို့တစ်သက်တာအတွက် အရေးပါလှသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်တို့ကို ဥပဒေနှင့်အညီ ရယူကိုင်ဆောင်ထားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။   ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်