နေပြည်တော် မတ် ၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ရမ္မာဝတီဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ပေါ်ရှိ ဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ရမ်းဗြဲမြို့နယ် အသင်း(ရန်ကုန်)မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ရမ်းဗြဲမြို့ရှိ မြို့သစ်စီမံကိန်း မြေနေရာတွင် ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းပါဝင်လှူဒါန်းငွေကျပ် သိန်း ၃၅၀၀ ခန့်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရမ္မာဝတီဘိုးဘွားရိပ်သာ ဖွင့်ပွဲနှင့် ရေစကြိုဆရာတော် တိပိဋကဓရဘဒ္ဒန္တဝါယာ မိန္ဒာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တိပိဋကဓရပူဇာပွဲကို ယနေ့နံနက်ပိုင်းတွင် ရမ်းဗြဲမြို့ရှိ အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပသည်။
ကြွရောက်တော်မူ
အခမ်းအနားသို့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ အမှူးပြုသည့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ရမ္မာဝတီဆရာတော် အမှူးပြုသည့် ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရမ္မာဝတီဘိုးဘွားရိပ်သာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘိုးဘွားရိပ်သာ ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းကြသည်။
ထို့နောက် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများအား ပူဇော်ပွဲနှင့် ဘိုးဘွားရိပ်သာ အတွက် ထာဝရပဒေသာပင် အလှူငွေပေးအပ်ပွဲကို ရမ္မာဝတီဘိုးဘွားရိပ်သာဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရေစကြိုဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။
ယင်းနောက် ရမ်းဗြဲမြို့နယ် ပုဏ္ဏားတောင် ဆရာတော် ဘဒ္ဒန္တနန္တဘာသနှင့် ပုသိမ်မြို့ ပစ္ဆိမာရုံ ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တခေမိန္ဒတို့က ဘိုးဘွားရိပ်သာ ဖွင့်လှစ် ခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာ ချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးဘိုးဘွားရိပ်သာဖြစ်မြောက် ရေးကော်မတီမှ တာဝန်ရှိသူများက ဘိုးဘွားရိပ်သာ တည်ဆောက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘိုးဘွားရိပ်သာအတွက် ထာဝရပဒေသာပင် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၆၀ ကိုလည်းကောင်း ဘိုးဘွားရိပ်သာကော်မတီသို့ ပေးအပ်လှူဒါန်းကြရာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်