Skip to main content

စပါးခွံနှင့် ဖွဲနုတို့မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်

ရန်ကုန် မတ် ၆

ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

စပါးခွံမှ လျှပ်စစ်ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေး စက်ရုံ၊ ဖွဲနုဆီသန့်စင်စက်ရုံများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်များလုပ်ငန်းရှင်များအနေဖြင့် တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စပါးခွံနှင့် ဖွဲနုတို့မှ သုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီ (MRF - R&D Committee)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ကဏ္ဍ၊ မွေးမြူရေးအစာ ထုတ်လုပ်မှုကဏ္ဍတို့တွင် အကျိုးပြုစေမည်ဖြစ်သည်။

ချိတ်ဆက်ဆောင်ရွက်

ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနှင့် စီးပွားရေး အရ အကျိုးအမြတ်ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများအား ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့် နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance) ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာ ပိုင်းဆိုင်ရာတို့တွင် နိုင်ငံတကာအဖွဲ့အစည်းများ ဖွံ့ဖြိုးရေးမိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာ (National Export Strategy)တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ထုတ်လုပ် တင်ပို့ရောင်းချရေးကို ပြောင်းလဲ သတ်မှတ်ထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာပါ Action Plan များအတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain)  ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်းဆန်စက်များ ပြန်လည် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့်ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ ထုတ်လုပ်မှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အသင်းချုပ်က ဦးဆောင်၍ ဖွဲ့စည်းတည်ထောင် ထားသော အများပိုင်ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိ တက် (MAPCO) အနေဖြင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်သည့် (Boiler Turbine based Rice Husk fired Power Generation Plants) များကို မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံကိန်းများအဖြစ် ကျိုက်လတ်နှင့်မြောင်းမြ မြို့နယ်တို့တွင်လည်းကောင်း၊ Solvent Extraction and Physical Refining နည်းပညာဖြင့် ဖွဲနုဆီ ထုတ်လုပ်နိုင်ရေးအတွက်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ဆန်စပါးလုပ်ငန်းက နှစ်စဉ်ထုတ်လုပ်မှု တန်ဖိုးကျပ် ဘီလီယံ ၇၀၀၀ ခန့်အထိ ရှိလာပြီး ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးတိုးလာစေဖို့၊ လုပ်ငန်းရှင်တွေကို ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတိုးတက်အောင်ဆောင်ရွက်ဖို့ အသင်းချုပ်အနေနဲ့ စီစဉ်နေပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်မှုတွေနဲ့ လက်ရှိအရေးပေါ်ကာလမှာ ဆန်စပါးလုပ်ငန်း ကိုအခြေပြုပြီး တစ်ဧကအထွက်နှုန်းတိုးဖို့ လုပ်သလို ဆန်စက်တွေရဲ့ ဘေးထွက်နဲ့စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ခြင်းက သွင်းကုန် အစားထိုးဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနဲ့ အလုပ်အကိုင် ဖန်တီးမှုတွေကြောင့် နိုင်ငံတော်က အကောင်အထည်ဖော်နေတဲ့ စီးပွားရေး ဦးတည်ချက်တွေကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

တာရာ