Skip to main content

ကွန်ဟိန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၆

ကွန်ဟိန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် တောင်ကြီး - တာချီလိတ်သွား ကားလမ်း တာကော်တံတား ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်း ဘက်သို့ စိုင်းပေါင်းနွံခမ်း (ခ) ခမ်းဟန်စင့်(၃၀)နှစ် မောင်းနှင်လာသည့် Nissan Diesel ၁၂ ဘီး ယာဉ်ကို သတင်းအရ ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၁၅၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် တောင်ကြီး -တာချီလိတ် သွားကားလမ်း မိုင်တိုင်အမှတ် (၂၈၄)အနီး ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် Nissan Diesel ၁၂ ဘီးယာဉ်ကို စစ်ဆေးရှာဖွေရာ  အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၅ဒသမ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း အိုက်စ်(မက်သ် အဖက်တမင်း) ၅၅၀ ကီလို၊  စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မှ  တစ်ဆင့် ပြည်ပသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်