Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေ၊ ဂီတနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ရန်ကုန်  မတ်  

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းသည် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြုစုထုတ်ဝေရေးအဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်  ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စွယ်စုံကျမ်းပြန်လည်ပြုစုထုတ်ဝေရေး အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၊ က ကုတ်ကို နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ဆောင်ရွက်မှု၊ ပထမအကြိမ်ပုံနှိပ်ထားရှိမှုနှင့် ဖြန့်ချိရေးအတွက် လျာထားဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဝိုင်းဝန်းဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ဂီတအနုပညာရှင်များ စုစည်း၍ ဂီတလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ဂီတစွမ်းအားဖြင့် ပြည်သူကို အလုပ်အကျွေးပြုရန်၊ တစ်နည်းအားဖြင့် ဂီတအနုပညာဖြင့် ပြည်သူများ ပြုံးပျော်ရွှင်အောင်၊ စိတ်ခွန်အားရရှိအောင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဂီတအနုပညာရှင်များကို တန်ဖိုးထားပြီး ကျန်းမာရေးကိစ္စမှစ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် မှာကြားထားပါကြောင်း၊ ဂီတအစည်းအရုံးအနေဖြင့် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများက ဂီတအစည်းအရုံးကို မြို့နယ်အဆင့်ထိဖွဲ့စည်းမှုများ စိစစ်ဆောင်ရွက်နေမှု၊ ဂီတလောကသားများအတွက် သက်သာချောင်ချိရေးဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအစီအစဉ်ဖြင့် ဖျော်ဖြေပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှု၊ ပြန်လည် ကျင်းပမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် အကဲဖြတ်ဒိုင်အဖွဲ့နှင့် ပြဌာန်းတေးသီချင်း ကိစ္စရပ်များတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ရန် ပြင်ဆင်ထားမှုနှင့် သီးခြားဆောင်ရွက်ပေးစေလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

လက်တွေ့ကျကျ လုပ်ဆောင်

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်စည်းအရုံး ယာယီအမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မကြာခင်ကာလတွင် ရုပ်ရှင်အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပြန်လည်စတင်ရန် စီစဉ်နေပြီဖြစ်သဖြင့် မင်္ဂလာရှိသည့် အချိန်ဖြစ်ပါကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေဖြစ်ရပ်များကို ကျော်လွှားနိုင်ရန် အစိုးရတစ်ခုတည်း ဆောင်ရွက်ခြင်းထက် ပြည်သူ များပါဝင်ပါက ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများနှင့် အခြေအနေများကို ပြည်သူများ မှန်ကန်စွာ သုံးသပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်သည့် အရာမှာ အနုပညာပင်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရက အနုပညာဗဟိုဌာန (Art Centre) ကြီးများကို တည်ဆောက်ပြီးစီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုပြင် စာပေနှင့်ပတ်သက်၍ စာဆိုဗိမာန်ကိုလည်း တည်ဆောက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အနုပညာနှင့်ပတ်သက်၍ လည်းကောင်း၊ အနုပညာရှင်များနှင့် ပတ်သက်၍လည်းကောင်း အလေးထားသည်ကို အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် ရပ်နားထားသည့် အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ တရားမဝင် ခိုးယူပြသမှုများ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

သတင်းစဉ်