ရန်ကုန် မတ် ၆
မြန်မာ့ပင်လယ်ပြင်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် လူတို့ပိုမိုဖမ်းဆီးလာမှုတို့ကြောင့် ငါးသယံဇာတလျော့နည်းလာမှုကို ထိန်းချုပ် ကြပ်မတ်နိုင်ရန် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ငါးလုပ်ငန်းဦးစီးဌာနများတွင် တပ်ဆင်ထား သော VMS စနစ်စက်ဖြင့် ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များကို ထိန်းချုပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
အထိုင်စက်များဖြင့် စောင့်ကြည့်
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ပြင်ကမ်းနီး၊ ကမ်းဝေး ဧရိယာလေးနေရာတွင် ငါး၊ ပုစွန် နှင့်ရေထွက်ကုန်များကိုဖမ်းဆီး၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရေလုပ်ငန်းလုပ်ဆောင်လျက်ရှိရာ VMS အချက်ပြစနစ် တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်နှင့် ငါးသယ်ယာဉ်များသွားလာမှုကို တနင်္သာရီ၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့ရှိ ငါးလုပ်ငန်းဦးစီးဌာနတို့မှ အထိုင်စက်များဖြင့် စောင့်ကြည့်လျက်ရှိသည်။
ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များ သဘာဝဘေးအန္တရာယ်နှင့် တရားမဝင်ဖမ်းဆီး သယ်ဆောင် ရောင်းဝယ်မှုမရှိစေရန် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါထိန်းချုပ်မှုငါးနေရာအား ထပ်ဆင့်စောင့် ကြည့်သော Control Center အဖြစ် ထိန်းချုပ်စောင့်ကြည့်လျက်ရှိပြီး မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ဖမ်းဆီးသော ပြည်ပ ငါးဖမ်းယာဉ်များကို မြန်မာ့ ရေတပ်မတော်မှ ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။
ငါးသယံဇာတရေရှည်တည်တံ့
“မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်လေးနေရာမှာ ငါးဖမ်းကြတဲ့ရေယာဉ်တွေနဲ့ ငါးသယ်ရေယာဉ်တွေကို VMS စနစ်နဲ့ စောင့်ကြည့်ပါတယ်။ တားမြစ်ဇုန်နဲ့ ကမ်းနီးဧရိယာကို ဝင်လာရင် ငါးဖမ်းရေယာဉ်ကို ဘာအတွက် ဝင်ရောက် တာလည်း ပြီးတော့ ခွင့်ပြုချက်ရှိ/ မရှိမေးမြန်းရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခုမှာရှိတဲ့ VMS စက်တွေကို နေပြည်တော်စက်က ထပ်ဆင့်ကြည့်ပြီး လိုအပ်တာညွှန်ကြားတယ်။ အခုလို စောင့်ကြည့်မှုဟာ တရားမဝင် ငါးဖမ်းဆီးမှုနဲ့ ရေသယံဇာတလျော့နည်းမှုကို ထိန်းချုပ်တာပါ။ ပြီးတော့ ငါးမဖမ်းရရာသီမှာ ငါး၊ ပုစွန်ဖမ်းဆီးမှု ကို ထိန်းချုပ်လိုက် တာဖြစ်တဲ့အတွက်မြန်မာ့ပင်လယ်ပြင်ရဲ့ ငါးသယံဇာတရေရှည် တည်တံ့မှုကို အထောက်အပံ့ဖြစ် စေပါတယ်” ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဝင်းက ပြောသည်။
သိုလှောင်လျက်ရှိ
တစ်နိုင်ငံလုံးတွင် VMS စက်တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်နှင့် ငါးသယ်ရေယာဉ် ၃၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ငါးဖမ်းရေယာဉ် ၈၅၀ ကျော်နှင့် ငါးသယ်ရေယာဉ် ၁၃၀ ကျော်ရှိကာ ရခိုင်ပြည်နယ် တွင် ငါးဖမ်းရေယာဉ်အစင်း ၂၃၀ နှင့် ငါးသယ်ရေယာဉ် ၁၀ စင်းဖြင့် ငါးသယံဇာတအများဆုံး ဖမ်းဆီးထုတ်လုပ် လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ငါးဖမ်းကွက်မရှိသည့်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်တို့တွင် ဖမ်းဆီးကြလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ငါးဖမ်း ရေယာဉ်နှင့် ငါးသယ်ရေယာဉ်အများဆုံး တည်ရှိသောကြောင့် ရေချိုငါးမြစ်ချင်းကို ဘင်္လားဒေ့ရှ်နိုင်ငံနှင့် အခြားသောရေထွက်ကုန်များကို တနင်္သာရီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ပို့ဆောင်ကာ ရေချို၊ ရေငန်ရေထွက် ကုန်များကိုရန်ကုန်မြို့ အအေးခန်းစက်ရုံများတွင်ထားရှိ ပြည် တွင်း/ ပြည်ပဈေးကွက်အတွက် သိုလှောင်လျက်ရှိသည်။
သတင်း-ညိမ်းသူ
ဓာတ်ပုံ - ကနူး