Skip to main content

တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၅ ရက်တွင် ချင်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ဟားခါးမြို့မရဲစခန်းဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ်အတွင်း တရားမဝင်စားသောက် ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၁၉၉,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်းအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ မတ် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်း သစ်မျိုးစုံ(၁ ဒသမ ၀၇၂၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃,၀၉၁) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တမူးမြို့နယ်အတွင်း တရားမဝင်ကညင်သစ်(၄ ဒသမ ၂၁၁)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၁၀,၅၅၀) သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၁၀,၅၅၀) ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၄၂,၆၄၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)