Skip to main content

အသားကဏ္ဍဖွံ့ဖြိုးရေးအတွက် “အသားစားနွား မွေးမြူထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်” စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၄

အသားစားနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသော အသားများကို ပြည်တွင်း စားသုံးမှုဖူလုံစေရုံသာမက ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်ရန်အတွက် မွေးမြူထုတ်လုပ်မှု တန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ  လုပ်ငန်းများ မြှင့်တင်ဖော်ထုတ်နိုင်ရန် တို့ကို ရည်ရွယ်ကျင်းပသည့် “အသားစားနွား မွေးမြူ ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်” စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်လေ့လာကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများ ရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များ ဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပရာ ယနေ့ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲသည် သတ္တမအကြိမ် ကျင်းပခြင်းဖြစ်သည်။

 စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က တိုးမြင့်လာသော ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်  အသားထွက်စံနှုန်းနှင့် အရည်အသွေး ပြည့်ဝသော အသား နှင့် ထွက်ကုန်ပစ္စည်းများ ရေရှည်ဈေးကွက် ရရှိရန် အသားစားနွား မွေးမြူသည့်စနစ် ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှ အားပေးကူညီလျက်ရှိကြောင်း၊ နွားနောက် အပါအဝင် ဒေသကျွဲနွားမျိုးများ၏ မျိုးဗီဇလက္ခဏာများအပေါ် သုတေသနပြုပြီး အားသာချက် များကို ရှာဖွေ ဖော်ထုတ်ပေးခြင်း၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အသားစား နွားမျိုးများ တင်သွင်းမွေး မြူနိုင်ရေးနှင့် မျိုးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ အစာကျွေးမွေးမှု၊ အဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူ ထုတ်လုပ်မှု ကွင်းဆက်တလျောက်တွင် ဟန်ချက်ညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ အစီအစဉ်မှူးအဖြစ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး‌ ဒေါက်တာမင်းသိမ်းမော် က ဆောင်ရွက်ခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူး‌ ဒေါက်တာရဲနန္ဒ ၊ ဒုတိယညွှန်ကြားရေးမှူး‌ ဒေါက်တာဌေးဇော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမိုးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေလင်းထက် ၊ ဦးစီးအရာရှိ ဒေါက်တာလှိုင်ဝင်း တို့က အသားစားနွားမွေးမြူ ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် တွင် လိုအပ်လျက်ရှိနေသည့် တိရစ္ဆာန် အစာနှင့်စားကျက်ဆိုင်ရာများ၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အသားစားနွား မွေးမြူရေးနှင့် မျိုးများ နှင့်ပတ်သက်၍လည်းကောင်း၊ ဈေးကွက်ဆိုင်ရာ အခြေအနေများ၊ ရောဂါထိန်းချုပ်ရေး အစီအစဉ် အသားစားနွား မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူသူတောင်သူများအား နည်းပညာပံ့ပိုးပေးရေး ဆိုင်ရာများ ကို လည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ရောင်းချနိုင်ရေး၊ ဈေးကွက်ခိုင်မာရေး၊ မူဝါဒများချမှတ်နိုင်ရေးနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း ရှုထောင့် အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)