Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် မတ်    ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော် ကောင်စီဝင်များနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်း စီမံချက်ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း စီမံချက် လျာထားချက်အဖြစ် (၆၂၃၉၁)ဦးကို နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ရာ ယခုအခါ စီမံချက် လျာထားချက် ရာနှုန်းပြည့်ထက် ကျော်လွန်ပြီးမြောက်အောင်မြင်သွား ပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် မဲမသမာမှု အရေအတွက် (၁၁ ဒသမ ၃) သန်းကျော်ရှိခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိဘဲ မဲပေးခဲ့သူ  (၄ ဒသမ ၆) သန်းကျော် ရှိနေသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ  ၃ ရက် မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် ယင်းကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဆောင်ရွက်ပေးရမည့် လျာထားအရေအတွက်များ အတိုင်း ပြည့်မီပြီးစီးရန် သတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ပန်းခင်းစီမံချက်ကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ယခု ပြည်ထောင်စုနယ်မြေ (နေပြည်တော်) သည်လည်း တတိယမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီး အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ အသိအမှတ်ပြု အထောက်အထားတစ်ခုဖြစ်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ် အရေးပါသည့် ကတ်ပြားတစ်ခု ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စီမံချက်အရ လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသည့်လုပ်ငန်း မဟုတ်ဘဲ အသက်ပြည့်သည့် နိုင်ငံသားများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပြင် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင်လည်း အားလုံး ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီ ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေမှ ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို အထိမ်းအမှတ် တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထား စာရွက်စာတမ်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုနယ်မြေ (နေပြည်တော်အတွင်း) ခရိုင်(၂)ခု၊ မြို့နယ် (၈)မြို့နယ်၊ ရပ်ကွက် (၅၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈၇)အုပ်စု၊ ကျေးရွာပေါင်း (၇၉၆)ရွာ ရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၂၃၉၁)ကတ် ထုတ်ပေး၍ လျာထား ဆောင်ရွက်ခဲ့ရာ ယခုအထိ (၆၇၁၆၇)ကတ် ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၇ ဒသမ ၆၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)