Skip to main content

ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၄

ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း စားသုံးဆီ သုံးစွဲမှုနှုန်း များပြားနေသည့်အတွက် နှစ်စဉ်ပြည်ပမှ စားသုံးဆီအများအပြား တင်သွင်းနေရပြီး ကျန်းမာရေး ရှုထောင့်အရ ပြည်သူများ ဆီစားသုံးမှုလျှော့ချစေရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံ ရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံး ဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံ ကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စားသုံးဆီတင်သွင်းခြင်းမှ နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်းသက်သာစေရေးတို့အတွက် ရည်ရွယ်ပြီး ယခုဘဏ္ဍာနှစ် Mini Budget မှ စတင်၍ ပြည်ပမှ စားသုံးဆီတင်သွင်းခြင်းကို လျှော့ချနိုင်ရေးအတွက် အကန့်အသတ်ဖြင့် တင်သွင်း ခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်း။

ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် ယခင်ဘဏ္ဍာနှစ်များက ‌ဈေးနှုန်းတည် ငြိမ်ခဲ့သော်လည်း ကမ္ဘာ့တဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် “စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီ” ကိုဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေ အနေများအရ ပြည်တွင်း ဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဈေးကွက်အတွင်း မသမာမှု ဆောင်ရွက်နေခြင်းများကို အရေးယူဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဝယ်လိုအားနှင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မတ်လအတွင်း စားအုန်းဆီ သင်္ဘောများ ဝင်ရောက်မည့် အခြေအနေများ၊ ပြည်ပဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲ များနှင့်အညီ ပြည်တွင်းဈေးနှုန်းကို ဖြစ်သင့်ဖြစ် ထိုက်သည့်ဈေးနှုန်းဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေမှု၊ ပြည်တွင်း၌ ဆီထွက် သီးနှံ များ ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးလုပ်ငန်း ကြီးကြပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)