Skip to main content

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပမည်

နေပြည်တော် မတ် ၄

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေး)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

အဆိုပါ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အနက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ရလူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး၊ စုစုပေါင်း ၁၁၁ ပါး/ဦးတို့အား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၆  ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ  ၁ နာရီတွင် လည်းကောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲသို့ ကြွရောက်တော်မူလာကြမည့် ရဟန်း ၁၀၇  ပါး၊ သီလရှင် ၃ ပါး တို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို ၂၀၂၂ခုနှစ် မတ်လ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လည်းကောင်း နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့ကြသည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၁၁ ပါး/ဦးနှင့် ပင့်သံဃာဆရာတော်ကြီး ၂ ပါးတို့ကို မတ်လ ၁၂ ရက် ထက်မစော ၁၃ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်သို့ ကြွရောက်ပေးကြပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ပင့်လျှောက် ဖိတ်ကြားလွှာများ ပေးပို့ထားပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့ကြသည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၁၁ ပါး/ ဦးနှင့် ပင့်သံဃာဆရာတော်ကြီး ၂ ပါးတို့သည် ပင့်လျှောက် ဖိတ်ကြားစာများ အချိန်မီ မရရှိပါကလည်း သတ်မှတ်ရက်များအတိုင်း နေပြည်တော်သို့ ကြွရောက်ပေးတော်မူကြပါရန် ပင့်လျှောက်ဖိတ်ကြားပါကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)