Skip to main content

ပြည်တွင်းဈေးကွက်ကို ပြန်လည်မြှင့်တင်ရန်အတွက် တိုင်းရင်းသား ထုတ်ကုန်မြှင့်တင်ပြပွဲ မန္တလေးမြို့၌ ၅ ရက်ကြာ ခင်းကျင်းပြသ

မန္တလေး မတ် ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသစုံမှ ထုတ်လုပ်ကြသည့်တိုင်းရင်း သားထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌ ပြန်လည်မြှင့်တင်ရန်နှင့် ဈေးကွက်ချိတ်ဆက်မှုရရှိစေရန် တိုင်းရင်းသား ထုတ်ကုန်မြှင့်တင်ပြပွဲကို မန္တလေးမြို့တွင် မတ် ၂ ရက်မှစ၍ ၅ ရက်ကြာ ပြုလုပ်ခင်းကျင်းပြသ နေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သက်သက်နိုင်က ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားထုတ်ကုန်မြှင့်တင်ပြပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် The Capital Mall Mandalay တို့ ပူးပေါင်းပြီး မတ် ၂ ရက်မှ ၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီ မိနစ် ၃၀ မှ ညနေ ၅ နာရီထိ မန္တလေးမြို့ လမ်း ၈၀၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ The Capital Mall Mandalay ၏ ဒုတိယထပ်တွင် ပြခန်းပေါင်း ၃၀ ဖြင့် ၅ ရက်ကြာ ကျင်းပပြုလုပ် ခင်းကျင်းပြသလျက်ရှိကြောင်း၊ ပြပွဲပြုလုပ် ပေးရခြင်းသည် တိုင်းရင်းသား ထုတ်ကုန်များကိုလူသိများစေရေး နှင့် ဈေးကွက်ချိတ်ဆက်မှု ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသားထုတ်ကုန်ပြပွဲကို မန္တလေးမြို့မှာ ၅ ရက်ကြာ ပြုလုပ် ခင်းကျင်းပြသနေပါတယ်။ တိုင်းနယ်၊ ပြည်နယ်ဒေသစုံက ထုတ်တဲ့ကုန်တွေကို ပြသနေတာပါ။ တောင်သူလယ်သမား နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အထိမ်း အမှတ်အဖြစ်ကျင်းပတဲ့ တိုင်းရင်း သားထုတ်ကုန်ပြပွဲလည်း ဖြစ်ပါ တယ်။ ရောဂါဖြစ်ပွားနေတာကြောင့် ပြပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြုလုပ်ပြသပါတယ်။ ကိုဗစ် စည်းကမ်းနဲ့ အညီ လာရောက်လေ့လာဝယ်ယူ အားပေးသူတွေကို ကျန်းမာရေး စစ်ဆေးတယ်။ ကိုယ်အပူချိန်တိုင်းတယ်။ Mask မပါရင် တပ်ခိုင်းပါတယ်။ ခုလို ခက်ခဲတဲ့ကာလမှာ မဖြစ်မနေ ထုတ်လုပ် ရောင်းဝယ်နေကြတဲ့ ကြားကာလမှာ တချို့ထုတ်ကုန်တွေက နိုင်ငံတကာဈေးကွက်ထိ သွားလို့ရတာတွေ ရှိပါတယ်။ အဲလိုမျိုး ထုတ်ကုန်တွေရှိတဲ့ အတွက် ပံ့ပိုးကူညီပေးဖို့ ဆောင် ရွက်တာပါ။ အဓိကအနေနဲ့ကတော့ ဈေးကွက်ချိတ်ဆက်ပေးဖို့ပါ။ ပြပွဲကိုလာရောက်လေ့လာ သူများနဲ့ စည်ကား နေပါတယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ တိုင်းရင်းသား ထုတ်ကုန်မြှင့်တင်ပြပွဲတွင် အဓိကအနေဖြင့် SME ထုတ်ကုန်များနှင့် မြန်မာထုတ်ကုန် စစ်စစ်များ ပါရှိသည့်အပြင် တိုင်းရင်းသား ဒေသအစုံမှ ထုတ်ကုန်များဖြစ် သည့် ပယင်းထုတ်ကုန်များ၊ ကချင်ပြည်နယ်မှ ကျောက်စိမ်း ရတနာများ၊ ကချင်ရိုးရာ အဝတ် အထည်များ၊ ပြင်ဦးလွင်ဒေသထွက် ကော်ဖီထုတ်ကုန်များ၊ ကြယ်ပဲထုတ်ကုန်များ၊ ကျန်းမာ ရေး အထောက်အကူပြု ဆေးဝါး များ၊ ပျားရည်ကို တန်ဖိုးမြှင့် ထုတ်လုပ်ထားသည့် ထုတ်ကုန် များ၊ ရဲယိုဖျော်ရည်များ၊ လျှော်ဖြူ ကထုတ်သည့် တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သော အသင့်သောက်ဖျော်ရည်များ၊ လျှော်ဖြူနှင့် တွဲထုတ်သည့် မန်ကျည်းယိုများ၊ ပြင်ဦးလွင်မြို့ အခြေစိုက် မက္ကာဒေးမီးယား ထုတ်ကုန်များ၊ မက်မန်းဝိုင်များ၊ နေကြာဆီများ၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ က G.A.P သီးနှံများ ဖြစ်သည့် နှမ်းနက်မျိုး၊ မြေပဲနှင့် ပဲတီစိမ်း မျိုးကောင်းမျိုးသန့် များကို လာရောက်ပြသ ရောင်းချခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုရရှိစေရန် ဆောင်ရွက်ခြင်းများ၊ သဘာဝထန်းလျက်ကို အခြေခံ ထုတ်လုပ် ထားသည့် အော်ဂဲနစ် အရည်အသွေး ထန်းအရက်နှင့် ဆန်အရက်များကို ကော့တေးပုံစံ ရောစပ် ဖျော်နည်းများကို လက်တွေ့ပြသခြင်းများ စသဖြင့် ဒေသစုံမှ ထုတ်ကုန်များကို ပြသ ပေးလျက် ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)