နေပြည်တော် မတ် ၃
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏(၂၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နယ်ဘက်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို စစ်ရေးပြ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေး ခန်းမ၌ ပြုလုပ်ရာ စစ်မှုထမ်းဟောင်းတံဆိပ်နှင့် မြန်မာစစ်မှုထမ်း သင်္ဂဟတံဆိပ်ရရှိသူများအား လည်းကောင်း၊ သင်တန်းအသီးသီးတွင် ဆုရရှိကြသူများအားလည်းကောင်း၊ အိမ်ထောင်သည် လိုင်းခန်း သန့်ရှင်းရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ဆုရရှိကြသူ များအားလည်းကောင်း တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်